Friday, July 23, 2010

အဖြူရောင်အတိတ်

တွေးမိလိုက်တဲ့ အတွေးတွေဟာ သီချင်းတစ်ပုဒ်သာ ဖြစ်လာမယ်ဆိုရင် စိတ်တို့ရဲ့ နိမ့်မြင့်တက်ကျ သံစဉ်တွေနဲ့ စက္ကန့်တိုင်းဟာ သီချင်းတွေ ဖြစ်မယ်ထင်ရဲ့...။ အခုလို အရွယ်မှာ ချတတ်တဲ့ ညစ်ကျယ်ကျယ် သက်ပြင်းတွေဟာလည်း အရောင်းမှိုင်းမှိုင်း  ကာလာတွေလို ပုတ်အက်နေတဲ့ သံစဉ်တွေ ဖြစ်ကုန်မှာများလား..!! လေးတိလေးပင်နဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေရမှုမှာ ကျွန်မကိုယ်တိုင် မောပမ်းစပြုလာခဲ့ပြီ..။

သစ်လွင်တောက်ပ နူးညံ့လတ်ဆတ်တဲ့ ငယ်ဘဝ ပုံရိပ်တွေကို အိပ်မက်ဖို့ တမ်းတရင်း ပူလောင်လွန်းတဲ့ အရောင်စုံ အိပ်မက်ဆိုးတွေသာ တစ်ထပ်ပြီးတစ်ထပ် ဆင့်ကာ ဆင့်ကာပေါ့..။ စံပယ်နံ့တွေ ထုံအီနေတဲ့ အိပ်မက်ဖြူဖြူတွေကို မက်ဖူးခဲ့တာ ကျွန်မပဲလားဆိုတာကို ခပ်ခါးခါး အိပ်မက်အနက်ရောင်တွေနဲ့ တရေးနိုးအထမှာ ကိုယ်တိုင် သံသယတွေ ဖြစ်ရပြန်ပါရော..။

မေမေလိမ်းပေးလိုက်တဲ့ ပါးနှစ်ဖက်ပေါ်က ဝိုင်းစက်နေတဲ့ သနပ်ခါးပါးကွက်လေးနဲ့ ညာပုခုံး သေးသေးလေးပေါ်မှာ အမွေးဖွားဖွားရောင်စုံ လွယ်အိပ်ကလေးကို ကျကျနနလွယ်.. ကော်လံမှာ ဇာပါးပါးလေးထပ်ချုပ်ထားတဲ့ ဆွတ်ဆွတ်ဖြူကျောင်းအင်္ကျီ.. ဒူးခေါင်းပေါ်မှာ ကားကားလေး ဝဲကျနေတဲ့ ကျောက်စိမ်းရောင် ကျောင်းစကပ်လေးရယ်နဲ့ ကျောင်းသွားခဲ့သူ ကျွန်မ...။

ကျောင်းဆင်းချိန်အထိ ပါးပေါ်က ပါးကွက်လေးကို အိမ်အရောက် မပျက်အောင် ပြန်သယ်သွားခဲ့ဖူးသူ.. ငြိမ်သက်အေးဆေးလွန်းသူ ကျွန်မ.. အဒေါ်တွေ အကိုတွေ အမတွေကြားမှာ တစ်နေ့တာ ကျောင်းအတွေ့အကြုံတွေကို ဆံပင်တခါခါ ခေါင်းတမော့မော့နဲ့ ပြန်ပြောရင်း ဖြူဖြူစင်စင် ရယ်မောခဲ့ဖူးသူ ကျွန်မ.. အဲ့ဒီကျွန်မကို ကျွန်မကိုယ်တိုင် လွမ်းဆွတ်နေခြင်းမှာ တချက်ချက်နဲ့  တီးတိုးမြည်တွန်နေတဲ့ ချိနဲ့နဲ့ တိုင်ကပ်နာရီအိုကြီးတစ်လုံးက သနားတဲ့အကြည့်တွေနဲ့ ကျွန်မကို လှမ်းလို့ငုံ့ကြည့်နေတော့ သူ့ကိုတောင်  အားနာမှုတွေနဲ့ ပြန်သနားမိရပြန်ပါရောလား..။

အဖြူရောင် အလင်းတန်းတွေက ညစ်ပေနေတဲ့ ကျွန်မမျက်လုံးတွေ တစ်ဝိုက်မှာ မသိမသာ ဖြတ်ပြေးသွားလိုက် ညှိုးနွမ်းမောပမ်းပြီး တောက်ပမှုမဲ့နေတဲ့ မျက်ဆန်မွဲမွဲတွေထဲ အတင်းအဓမ္မ တိုးဝင်ရောက်လာလိုက်နဲ့... သူတို့ရယ်သံ အက်အက်တွေမှာ “ဘဝ...” “ဘဝ...” လို့ ကလိတိတိ လှောင်ပြောင်နေသလို..။ မေမေ... ဖေဖေ...ရေ...  ဒူးမထောက် အရှုံးမပေးပါပဲ ညွတ်ညွတ် ကျလာချင်နေတဲ့ ကျွန်မ ဒူးခေါင်းတွေကို မုန်းလိုက်တာ..။ 

ဟော... သင်္ကြန်တဲ့လား...!! အခုတော့လည်း ကျွန်မနဲ့ ဘာမှ မဆိုင်တဲ့ စကားလုံးလေး တစ်လုံးလို ဖြစ်နေခဲ့တဲ့ နှစ်တွေ ဘယ်လောက်များ ကြာနေခဲ့ပြီလည်း ကိုယ်တိုင်တောင် မသိနိုင်တော့..။ အဲ့ဒီစကားလုံးလေးက ဘယ်လောက်များ ရင်းနှီးစွာ ပတ်သက်ခဲ့ဖူးပါလိမ့် ဆိုတာမျိုးကိုတောင် ဝေဝေဝါးဝါး ဖြစ်လို့နေပြီပဲ...။ ရင့်ကျက်လာတဲ့ အသက်အရွယ်ကြောင့် လည်းဖြစ်နိုင်သလို ကိုယ်ရှိနေရတဲ့ ပတ်ဝန်းကျင် ကျင်လည်နေရတဲ့ အသိုင်းအဝိုင်းတွေကြောင့်လည်း ဖြစ်နိုင်တာပဲလေ... ။

မညာတမ်း ပြောရရင်တော့ တွေးမိလာတိုင်း လှိုက်ကနဲ ဝမ်းနည်းတက်လာတဲ့ စိတ်တွေနဲ့ တမ်းတမ်းတတကြီးကို လွမ်းဆွတ်မိနေတာ အမှန်...။ သင်္ကြန်အတုတွေကြားမှာ မပျော်ပါးနိုင်တဲ့ ကျွန်မစိတ်တွေကကော ဘယ်လောက်အထိ စစ်နေပြန်သေးလို့လဲဆိုတာ မဝေခွဲတတ်ပြန်..။ တစ်ခါတစ်ရံတွေမှာ ကိုယ်တိုင်လည်း စိတ်အတုတွေနဲ့ ရှင်သန်နေထိုင်ခဲ့ဖူးတဲ့ နေ့ညတွေ ရှိနေခဲ့မှာပါပဲ...။ အပြုံးအတုတွေကို ပြုံးတတ်ခဲ့တာလည်း လောကကြီးရဲ့ အလှည့်အပြောင်း မာယာ သင်ခန်းစာ အဆင့်ဆင့်ကို တဆင့်ပြီးတဆင့် အောင်မြင်ခဲ့ခြင်းလို့ လက်ခံလိုက်ရ လေမလား..!!

အပြစ်ကင်းစင်လွန်းတဲ့ အပြုံးအရယ်စစ်စစ်တွေနဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်လိုဖွယ် သင်္ကြန်တွေ ဘယ်မှာများလဲကွယ်..!! ဖေဖေကိုယ်တိုင် စိတ်ရှည်လက်ရှည် လိုက်မောင်းပေးခဲ့တဲ့ ဂျစ်ကား အဖြူလေးတစ်စင်းပေါ်က ဟက်ဟက်ပက်ပက် ရယ်မောသံတွေရယ်... အပြစ်ကင်းစင်တဲ့ နှုတ်ခမ်းပါးလေး တစ်စုံနဲ့ နူးညံ့သန့်စင် ဝါဝင်းနေတဲ့ ပိတောက်ခက်လေးကို ဖွဖွလေး ထိနမ်းဖူးတဲ့ ကောင်မလေး တစ်ယောက်ကော ဘယ်ရောက်သွားခဲ့ပြီလဲ..!!

ကြည်စင်နေတဲ့ မျက်လုံးရွှန်းလဲ့လဲ့တွေနဲ့ ကောင်မလေးက သူ့ဖေဖေ ယူလာပေးတဲ့ ပိတောက်ခက်လေးရဲ့ သင်းပျံ့နေတဲ့ ပိတောက်နံ့တွေကို အားပါးတရ ရှုရှိုက်ဖူးခဲ့သေးသတဲ့လေ..။ သင်္ကြန်ရေတွေ ရွှဲရွှဲဆိုနေတဲ့ ဆံနွှယ်တွေကို လည်တိုင်လေးမော့ရင်း နေခြည်နုတွေအောက်မှာ ရေစက်လေးတွေ တဖွားဖွား ဖြာဆင်းကျသွားအောင် ဟန်ဆောင်မှုကင်းစွာနဲ့ ခေါင်းလေးကို လှုပ်ရမ်းကာ ခါခဲ့ဖူးတာလည်း အဲ့ဒီကောင်မလေးပါတဲ့...။

ဒါဆိုရင်... ရောင်စုံ မီးပုံးလေးတွေ တလှုပ်လှုပ်နဲ့ လက်နေတဲ့ သတင်းကျွတ် ညလေးတွေကရော..!! အိပ်မက်ခဲ့တာလား ကိုယ်တိုင် တွေ့ကြုံစားခဲ့ရတာလားကွယ်..။ ဗျောက်အိုးသံလေးတွေ ဆူညံနေတဲ့ လမ်းမတွေပေါ်က ဝေ့တက်လာတဲ့ ခပ်ပျော့ပျော့ ယမ်းနံ့လေးတွေကို ကျွန်မကိုယ်တိုင် ရဖူးခဲ့တာ သေချာပါတယ်..။ ခြံကျယ်ကြီးထဲမှာ ပြေးလွှားဆော့မြူးရင်း....

“မေမေရေ... သမီး လေယာဉ်ပျံ တောင်ပံကို ကိုကိုကြီး သူ့ကားနဲ့ ဝင်တိုက်လို့ မီးလောင်သွားပြီ” 
အသံသေးသေးလေးနဲ့ တိုင်တမ်းရင်း တအိအိငိုခဲ့မိတဲ့ ကလေးငယ်လေးကျွန်မ..။

“ဟာ... မေမေ့သမီး ကျွန်တော့်ကားကို လာဖျက်နေတယ် လုပ်ပါဦးမေမေ..”  
 ကျယ်ကျယ် လောင်လောင် မြည်တွန်တောက်တီးရင်း... စိုးရိမ်မှုတွေနဲ့ ပြေးလွှားနေတဲ့ ကိုကိုကြီး အသံ..။

“သားကြီးနဲ့ သမီးကြီးရေ... ညီမလေးရဲ့ ကားလေးကို လဲမသွားအောင် ဖေးဖေးမမ ကူတွန်းပေးမှပေါ့ကွယ်...”
 ညီမလေးကို ကူညီငဲ့ညှာဖို့ သတိပေးသံနဲ့ မေမေ..။

“အဟိ.. ဟိ”
တိတ်တဆိတ်နဲ့ ပုံ့ပုံ့လေးထိုင်ငေးရင်း ခပ်တိုးတိုး ရယ်မောနေခဲ့သူ အေးဆေးလွန်းတဲ့ မမ..။

“ကဲ.. သားတို့ သမီးတို့ရေ နောက်နှစ်ရက်တောင် ကျန်သေးတယ်.. ဒီည ပျက်သွားရင်လည်း  မနက်ဖြန်နေ့လည်ကျ ဖေဖေပြန်ဝယ်ပေးမယ် ဟုတ်ပြီလား ရန်မဖြစ်ကြနဲ့နော်..”
မေမေ့ကို တိုင်တော အော်ဟစ်သံတွေကြောင့် အေးရာအေးကြောင်း ဝင်နားချဖြေသိမ့်ရင်း  ပြုံးနေတဲ့ ဖေဖေ..။

အိပ်မက်...!! နိုးးး  ကျွန်မရဲ့ သိပ်ကိုချိုမြလွန်းတဲ့ တကယ့် အတိတ်တွေပေါ့..။ ဒါတွေ.... ဒီအဖြစ်ပျက်တွေ အားလုံးဟာ......။

ခုတော့ ကျွန်မဟာ မြွေတစ်ကောင်လို တကိုယ်စာ မြေတွင်းခပ်ကျဉ်းကျဉ်းမှာ ခွေနေတတ်ပြီလား..!! ဆာလောင် ငတ်မွတ်လာချိန်မှာ ကျားသစ်တစ်ကောင်ရဲ့ အမြန်နှုန်းမျိုးနဲ့ သားကောင်ကို ခုန်အုပ်တတ်သူလား..!! ယုန်ဖြူလေး တစ်ကောင်လို နူးညံ့ဖြူစင်ယောင် ဆောင်တတ်သူလား..!! စက်ရုပ်တစ်ရုပ်လို ခြေကိုချ လက်ကိုလှုပ် ခေါင်းတွေ ညိတ်တတ်နေသူလား..!! မာယာများတဲ့ လောကကြီးကို မာယာတွေနဲ့ ပြန်ပြုံးပြတတ်သူ မိန်းမလား...!! လကွေးကွေးကို မော့ကြည့်ငေးမောရင်း လပြည့်လိုညမျိုးမှာ တိတ်တဆိတ် အခန်းအောင်း တတ်နေသူလား..!! ဝှက်ဖဲတစ်ချပ်ကို ခပ်သာသာဖိလို့ ပြိုင်ဖက်တစ်ယောက်ယောက်ရဲ့ ရှိုးဆိုတဲ့ စိန်ခေါ်သံကို နားစွင့်နေချင်သူလား..!!

အိုကွယ်.. လှလိုက်တဲ့နေ့.. လှလိုက်တဲ့ ညရယ်လို့ ယစ်မူးမှု အတုတွေကို ကျွန်မ ချဉ်ခြင်းတပ် မနေတာတော့ သေချာပါတယ်..။ တန်ဖိုးကြီး ပွဲတက်ဂါဝန်တစ်ထည်က  ကျွန်မရဲ့ အဖြူရောင် ကျောင်းအင်္ကျီလေးလောက် မက်မောစရာ ကောင်းလို့လား။ ဟော.. ကြည့် တလက်လက်ထနေတဲ့ ဇွန်း ခက်ရင်းတွေကိုင်ပြီး ဓါးပါးနဲ့ ခပ်ဖွဖွလှီးဖြတ် စားသောက်ရတဲ့ ဟင်းပွဲတွေကို မေမေ့ ချဉ်ပေါင်ကြော်နဲ့ ယှဉ်စရာလား။ လင်းထိန်တောက်ပလွန်းတဲ့ အဆောက်အဦးတွေကို မော့ကြည့်ခံစားဖို့ ကျွန်မမှာ ရင်ခုန်ချိန်မရှိဘူး..။ ကျွန်မ ရပ်ရွာက ဖွားဖွားအိမ်အိုဟောင်းလေးကို တမ်းတရဦးမယ်..။ 

ကြွေကွဲစရာ အဲ့ဒီ အိမ်အိုဟောင်းလေးထဲမှာ ဖွားဖွားမရှိတော့ဘူး..။ ဖွားဖွားအရိပ်ငွေ့လေးတွေကို ဖမ်းဆုပ်ရင်း နေဝင်ချိန်တွေကို ကြိုးစားကျော်ဖြတ်နေတဲ့ ဖိုးဖိုးရှိနေတယ်..။ အိမ်ဘေးက အသက်တွေကြီးလာတဲ့ ပိတောက်ပင်အိုကြီးရှိတယ်..။ ပိတောက်ပင်ကြီးအောက်မှာ သံချေးတွေ အထပ်ထပ်တက်နေတဲ့ ဒန်းလေးရှိတယ်..။ ဖေဖေလည်း မရှိတော့ဘူး..။ ဖုန်တက်နေတဲ့ ဖေဖေ့ဂစ်တာလေး ဖေဖေ့ကို လွမ်းနေတယ်..။ မေမေကလည်း ကျွန်မနဲ့ အဝေးကြီးမှာ..။ မေမေ့ အသံချိုချိုလေးတွေကို ကြားနိုင်တာ လေလှိုင်းတွေက တဆင့်ပါ..။ ကိုကိုကြီးလည်း သူ့ကိုယ်ပိုင် မိသားစုအရေးတွေနဲ့..။ မမ လည်း သမီးတစ်ယောက်ကို ပြုစုပျိုးထောင်လို့..။ ညီမလေးလည်း သူ့သမီးနဲ့ သားအတွက် ရင့်ကျက်စွာ ရှင်သန်လို့..။ မိခင်နဲ့မခြား ကျွန်မကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဒေါ်တွေလည်း ရှင်သန်မှု ကိုယ်စီအတွက် ရုန်းကန်လို့...။

အလွမ်းတွေ အလိမ့်လိမ့်နဲ့ ကျွန်မမျက်နှာပေါ်က အရေးအကြောင်းတွေကို မိတ်ကပ် မဖို့ချင်ဘူး..။ အဲ့လို အချိန်ပေးမဲ့အစား မျက်လုံးလေးမှိတ်ထားရင်း ဖေဖေ့ဂစ်တာသံကို ကျွန်မနားထောင်ရဦးမယ်..။ လူတွေစည်ကားလွန်းတဲ့ ကမ္ဘာ့နံမည်ကြီး နေရာတွေကို ကျွန်မလမ်းမလျှောက်ဘူး..။ ဝရမ်တာလေးမှာ တိတ်တဆိတ်ရပ်လို့ အာရုံတွေနဲ့ လေထဲက ပိတောက်နံ့တွေ ရှုရှိုက်ရဦးမယ်..။ ဂျိုလီ့နှုတ်ခမ်းနှစ်လွှာအတွက် ချီးမွမ်းခန်းတွေဖွင့်ပြနေတဲ့ ဖန်သားပြင်ကို ငဲ့ကြည့်ဖို့ ကျွန်မ မလိုအပ်ဘူး..။ မေမေ့ အပြုံးချိုချိုတွေကို ကျွန်မ အိပ်မက်ရဦးမယ်..။ ပလူပျံနေတဲ့ ကျည်ဆန်ရထားတွေအကြောင်း ကျွန်မနားလည်ဖို့ မလိုဘူး..။ ဖေဖေမောင်းပို့တတ်တဲ့ ကားအစုတ်လေးကို ကျွန်မရင်ဘတ်ထဲက ထုတ်ပြီး ဖုန်သုတ်ရဦးမယ်..။ 

အို..... သွားပါ သွားကြစမ်းပါ...။  ကျွန်မကို မသနားကြပါနဲ့။  အဲ့ဒီအကြည့်တွေကို ကျွန်မ မကြိုက်ဘူး.. မုန်းတယ်။ ကျွန်မအတွက် နှစ်ဆယ့်လေးနာရီဟာ တိုလွန်းနေတာ မှန်တာပေါ့..။ ကျွန်မမှာ အချိန်တွေ မလုံလောက်ဘူး..။ အချိန်တွေကလွဲရင် ကျွန်မဘာကိုမှ တကယ် မလိုအပ်ပါဘူး..။ ကျွန်မငယ်ဘဝရဲ့ အဖြူစင်ဆုံးအချိန်က လှပလွန်းတဲ့ ပုံပြင်ဟောင်းတွေကို မရိုးနိုင်စွာ တစ်ပုဒ်ပြီးတစ်ပုဒ် တစ်ရွက်ပြီးတစ်ရွက် လှန်လို့ ကျွန်မဖတ်ရဦးမှာမို့ပါ..။ 
ကျွန်မ တစ်ယောက်တည်းပါပဲ...။ 

အဖြူရောင် အတိတ်ကို ပြန်မရောက်နိုင်တော့တဲ့ ကျွန်မက အခုတော့ တစ်ယောက်တည်းပါပဲ...။

(ခင်လေးငယ်)

Friday, July 2, 2010

သို့...

စည်းဆိုပြီး ခြားခြားသွားတဲ့ အရာတွေထဲ
ထိုင်ပြီးဂျီးများရင်း ညည်းတွားရဖန်များလာတော့
ည.. ည.. တွေမှာ
အသက်ရှုရတာတောင် မဝတော့ပါဘူး..။

အပူရုပ်ကို ဟန်လုပ်လို့ ခွက်ခွက်လန် ရှုံးနေရတာ
ဘယ်သူမှ မသိလေကောင်းလေပဲဆို..!!
ခင်ဗျား ချရေးဖူးတဲ့ စာတွေကိုပဲ ပြန်ပြန်ဝါးရင်း
အာခေါင်တွေ ခြောက်ကပ် ရင်တလှပ်လှပ်ဖြစ်ရတဲ့
ည.. ည.. တွေမှာ
ကျွန်တော့်ကို ဘယ်သူ ရေတိုက်မှာလဲ..။

နေကောင်းပါရဲ့လား..!!
ဆေးသောက်ရဲ့လား..!!
စောစောအိပ်ရဲ့လား..!!
ယောင်ယောင်ပြီး လန့်အော်ဆဲလား..!!
တအိအိနဲ့ ငိုနေဆဲလား..!!
အားတွေငယ်နေမှာလား..!!
ကံကြမ္မာကို ဟားတိုက်ရယ်နေမှာလား..!!
လမ်းတွေလျှောက်နေမှာလား..!!
ကျွန်တော့်အတွက် ဟင်းတွေထချက်နေမှာလား..!!
လားပေါင်းများစွာနဲ့
ည.. ည.. တွေမှာ
ကျွန်တော့်စိတ်က တ တ နေမိမှတော့
ခင်ဗျားအိပ်မက်ထဲ ကျွန်တော်ရောက်နေမှာပဲ..။

တယောက် တနေရာမှာ
လမသာ ကြယ်မလင်း အမှောင်တွေသာ အထင်းသား
နှုတ်က ဟလို့ လွမ်းတယ် ပြောဖို့်တောင် ဖြစ်နိုင်ခြေမရှိမှတော့
ခင်ဗျားရော ကျွန်တော်ပါ သက်ပြင်းသာ တွင်တွင်ချပေါ့
တတ်မှ မတတ်နိုင်တာလေဗျာ..။

ပြုံးနေတတ်တဲ့ ခင်ဗျားမျက်နှာမှာ
အပြုံးတွေ လစ်ဟာလို့
မျက်လုံးတွေ အစ်မို့နေတာ နှစ်ချို့နေပြီမဟုတ်လား
ကျွန်တော်ကိုယ်တိုင်ကော...!!!!

လူတွေပြောတတ်တဲ့ ဆောင်ရန်ရှောင်ရန်မှာ
ကျွန်တော့် အတွက်က ရှောင်ရန် ရှောင်ရန်တွေပဲ
ကြားကြားနေတဲ့ ဝင်္ကပါ ညအမှောင်ထဲ
တမင်သာ ခေါင်းထိုးထိုးချနေရတဲ့ စိတ်အန်ဖတ်တွေနဲ့
အို.. ဗျာ....
မခင်လေးငယ်ရေ....
ည.. ည.. တွေမှာ
စိတ်လိုလက်ရ တေးမဆိုဖြစ်တာ
ကျွန်တော် ခင်ဗျားနဲ့ ဝေးပြီးကတည်းက..။

(ခင်လေးငယ်)

လှစ်ဟဝန်ခံချက်..။။ စာမရေးတော့ဘူးရယ်လို့ နာကျင်ကျင်တွေးရင်း ခင်လေးငယ်နှင့် ခပ်ခွာခွာနေခဲ့ဖူးသော နေ့ရက်များသို့ ကိုယ်တိုင် ရေးဖွဲ့ပါသည်..။

Friday, June 18, 2010

လမ်း....

ညဥ့်နက်နက်မှာ ငြိမ်သက်နေတဲ့ လမ်းတစ်လမ်း...!!! သူ့ခန္ဓာပေါ်မှာ မိုးစက်တွေ အလိမ်းလိမ်းနဲ့ မည်းနက်ပြောင်လက်လို့...။ လမ်းဘေးဓါတ်တိုင်ရဲ့ ခပ်မှိန်မှိန်မီးလုံးရောင်တောင် လင်းလွန်းနေသယောင် သူ့အပေါ် ဝဲဖြာကျနေတယ်...။ ကိုယ်ငေးနေမိခဲ့တာ နာရီလက်တံတွေတောင် အတော်လွင့်သွားနေပြီ...။ မထင်မှတ်ပဲ  လူးလွန့်ထလာတဲ့ လမ်းဟာ စိုရွှဲမည်းနက်နေတဲ့ သူ့ဆံနွှယ်ရှည်တွေကို ခပ်သဲ့သဲ့ လှုပ်ခါလိုက်ပြီး ကိုယ့်ကိုနှုတ်ဆက်တယ်... ဟိုင်း...” တဲ့။ ဖြတ်ကနဲ အသက်ရှုတွေ ခဏရပ်သွားချိန်မှာ ကိုယ့်ကိုစကားတစ်ခွန်း သူပြောတယ်..။ “မင်း လမ်းတွေကို သဘောကျလား...!!”

ပြာနှမ်းနှမ်းနိုင်နေတဲ့  သူ့နှုတ်ခမ်းက  ထွက်ကျလာတဲ့ အသံတစ်စဟာ တိုးဖျော့ ကွဲအက်လွန်းနေတော့ တိတ်ဆိတ်နေခဲ့တဲ့ ကိုယ့်အသက်ရှုသံတွေ တဟုန်ထိုး မြန်လာပြန်တယ်...။  နာကျင်ကျင် အရသာ တစ်မျိုးက  ရင်ခုန်သံတွေနဲ့အတူ ကိုယ့်ရင်တံခါးဝကို ဆောင့်ပြီးလာအကပ်မှာ ကိုယ်ဟာ ခေါင်းငိုက်စိုက်ကျလို့ ဝေဝါးဝါးအပြုံးတစ်စကို နှုတ်ခမ်းမှာတပ်လိုက် မိတယ်ထင်တယ်..။ အဲ့ဒီစက္ကန့်လေး အတွင်းမှာပဲ ဘာစကားမှမပြောပဲ ခေါင်းငုံ့ချလိုက်တဲ့ ကိုယ်ရယ်... စကားပြောတဲ့ လမ်းရယ်.. မိတ်ဆွေ စဖြစ်သွားခဲ့တာဖြစ်မယ်..။

တစုံတရာကို နာကျည်းနေတဲ့ လမ်းဟာ သူ့ကြေကွဲမှုတွေကို ညည်းတွားရင်း စကားလုံးတွေအဖြစ်နဲ့ တဟုန်ထိုး ဖောက်ခွဲ ထုတ်ပစ်လိုပုံရတယ်.. လမ်းဟာ စကားပြောဖို့ အဖော် စောင့်နေခဲ့သူလည်း ဖြစ်နိုင်တယ်..။  ပေါက်ကွဲထွက်လာမဲ့ သူ့စကားကို နားထောင်ပေးဖို့ တစုံတယောက်ကို  စိတ်ရှည်လက်ရှည်နဲ့ ထိုင်ရွေးချယ်ခဲ့ ပုံလည်းပေါ်တယ်..။ လမ်းဟာ ခပ်စင်းစင်း ဝပ်တွားနေတဲ့ မြွေတစ်ကောင်လို ယောက်ယက်ခပ်မှု ကင်းကင်းနဲ့ ပေတေနေခဲ့သူလည်း ဖြစ်နေခဲ့ပါလိမ့်မယ်..။ လမ်းဟာ လမ်းနဲ့ မတူအောင် မာနတွေလည်း ရှိနေပြန်တယ်..။

လမ်းဟာ မဲ့ပြုံးကို ပိုင်ပိုင်နိုင်နိုင် ပြုံးပြနိုင်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ထက် အများကြီးသာနေတယ်..။ ပြီးတော့.. လမ်းဟာ သိပ်ကို ကြင်နာတတ်လွန်းတဲ့ မာသာထရီဆာလို အမူအကျင့်ရှိသူလည်း ဖြစ်မယ်..။ လမ်းဟာ အားငယ်ပြီး မျက်ရည်တွေကျနေတဲ့ ဖြူစင်လွန်းတဲ့ ကလေးလေး တစ်ယောက်လိုလည်း ဖြစ်တယ်..။ လမ်းဟာ ပညာတွေ အများကြီးတတ်ပြီး အတွေ့အကြုံပေါင်းများစွာနဲ့ ရင့်ကျက်လွန်းနေတဲ့ ပရော်ဖက်ဆာကြီး တစ်ဦးလိုလည်း ဖြစ်ပြန်တယ်..။ လမ်းဟာ ကျက်သရေ ရှိရှိ အိနြေ္ဒရလွန်းတဲ့ ကောက်ကြောင်းလှလှ အမျိုးသမီးလိုလည်း ဖြစ်တယ်..။ တာဝန်ကို သိတတ်လွန်းတဲ့ အိမ်ထောင်ဦးစီးလည်း ဖြစ်တယ်..။  လမ်းဟာ ကောက်ကျစ်မှုကင်းတယ်.. လမ်းဟာ မတရားမှုကို မုန်းတီးသလို.. ငြိမ်းချမ်းရေးကို တောင့်တမြတ်နိုးသူဖြစ်တယ်..။ အသေချာဆုံးကတော့ လမ်းဟာ  လမ်းဖြစ်ပြီး လူသားတချို့ထက် လူသားဆန်နေပါတယ်...။

စကားတွေပြောနေတဲ့ လမ်းရဲ့မျက်ဝန်းတွေဟာ တခါတခါ တဖြတ်ဖြတ် လက်နေတယ်.... တခါတခါ ညှိုးငယ်လွန်းစွာနဲ့ မျက်လွှာကို ပါးပါးလေး ချတတ်ပြန်တယ်..။ လမ်းဟာ သွေးကိုမုန်းတီး ဆက်ဆုတ်သူဖြစ်တယ်..။ ယမ်းနံ့တွေကို ခါးသီးလွန်းသူဖြစ်တယ်... စစ်ကိုမုန်းတယ်.. စစ်ဖိနပ်တွေရဲ့ တက်ကြွတဲ့ ချီသံတွေကို အော့နှလုံးနာသူဖြစ်တယ်..။ ညှပ်ဖိနပ်ပြတ်လေး တစ်ဖက်ကို သူ့ရင်ခွင်မှာ အလှဆင်ထားချင် သူလည်း ဖြစ်တယ်..။ တိုးကြပ်ပြည့်သိပ်နေတဲ့ ဘတ်(စ်)ကားတွေကို ချစ်ပြီး... ဖနောင့်ပါးနေတဲ့ ညှပ်ဖိနပ်လေးတွေဆီက ရတတ်တဲ့ ဖိနပ်သံကို သီချင်းစပ်ချင်သူ ဖြစ်တယ်..။ လမ်းဟာ တဝေါဝေါနဲ့ အရှိန်ပြင်းပြင်း မောင်းဖြတ်သွားတတ်တဲ့ မှန်လုံကားတွေကို ရွံရှာသူဖြစ်တယ်..။ ပုဆိုးတိုတိုဝတ် လျော့ရွဲရွဲ ထီးကိုစောင်းပြီး ခပ်သုတ်သုတ် လျှောက်တတ်တဲ့ လူတွေဆီက ဖိတ်စင်ကျလာတဲ့ ချွေးစက်တွေကို တန်ဖိုးထားသူဖြစ်တယ်..။ 

လမ်းဟာ စုတ်တသတ်သတ် ညည်းတွားရင်း ခေါင်းကိုအတွင်တွင် ရမ်းခါတတ်တယ်... လမ်းဟာ သူ့စိတ်လွတ်သွားချိန်မှာ ကိုယ်တိုင် ထိမ်းချုပ်နိုင်စွမ်းမဲ့သူလို ခပ်ကျယ်ကျယ်နဲ့ “တောက်..” ခေါက်တတ်ပြန်သေးတယ်...။ လမ်းဟာ အတ္တကြီးပြီး မောဟတရားတွေ ထန်လွန်းနေတဲ့ လူတွေကို ကဲ့ရဲ့ရှုံ့ချတယ်...။ ဖိနပ်မပါတဲ့ ကလေးတချို့ရဲ့ ဗိုက်ဟောင်းလောင်းနဲ့  ဆာလောင်စွာ ငိုကျွေးနေမှုကို ကဗျာစပ်သူ ကဗျာဆရာလည်းဖြစ်တယ်..။ တစ်ထောင့်တစ်ညထက် ပိုဆန်းကျယ်တဲ့  သရုပ်မှန်ပုံပြင်တွေကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာအောင် ပြောနိုင်တဲ့ အင်မတန်  ပုံပြောကောင်းသူ ဖြစ်တယ်..။ လူတွေ ပစ်ချလိုက်တဲ့ စီးကရက်ဆေးလိပ်ထက် ဖက်ကြမ်းတို တစ်လိပ်ကို ခုံမင်စွာကောက်ယူရင်းနဲ့ စာရေးချင်တဲ့ စာရေးဆရာဖြစ်တယ်..။ 

လမ်းမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ  ရှိနေတယ်.. လမ်းဟာ တခါတခါ အားအင်ချိနဲ့စွာ မှုန်ဝါးဝါးနိုင်သွားသလို တခါတခါတော့ ရဲရဲတောက်နေတဲ့ အနီရောင် အလံတစ်လက်လို ဝံ့ဝံ့ကြွားကြွား ခန့်ငြားလွန်းလာတယ်..။ လမ်းဟာ မလိုအပ်တဲ့ ဘောင်တွေကို အော်ဂလီဆန်နေတယ်.. ဘယ်သူမှ မလိုက်နာချင်တဲ့ စည်းမျဉ်းတွေကို အရက်ဖြူနဲ့မြည်းပြီး လက်ထိုးအန်ချင်တဲ့ ခပ်ရွတ်ရွတ်ကောင် လည်းဖြစ်တယ်..။ သူရဲကောင်းတို့ရဲ့ ဝိညာဉ်တွေကို နတ်ဆရာတစ်ယောက်လို အစည်းအဝေးခေါ်ပြီး လေးစားမှုတွေနဲ့ တပည့်ခံချင်သူဖြစ်တယ်..။ လမ်းဟာ အတိတ်အိပ်မက်တွေ ပြန်မက်မက်နေရတာကို တစ္ဆေတစ်ကောင်  မြင်ရတာထက် ကြောက်လန့်တတ်သူဖြစ်တယ်..။ လမ်းဟာ သူမတက်ဖူးတဲ့ ကျောင်းတော်ကြီးကို လွမ်းနေသူဖြစ်တယ်..။ လမ်းဟာ သစ်ပုတ်ပင်ကြီး ရှိရာကို အပြေးသွားချင်သူ လူငယ်လေး ဖြစ်တယ်..။ လမ်းဟာ စွယ်တော်ပင်တွေအောက်က ခုန်တန်းရှည်ပေါ်မှာ မခို့တရို့ ထိုင်ရင်း ချစ်သူ့ဘေးမှာ ချွဲနွဲ့နေချင်တဲ့ ကောင်မလေးဖြစ်တယ်..။ 

သူ့စကားတွေကို မှင်တက်ငေးမောနေရင်း ဘာမှပြန်မပြောတဲ့ ကိုယ့်ကို ဂြိုလ်ကြည့်ကြည့်သူ ဖြစ်တယ်..။ ခေါင်းကို အတွင်တွင်ငုံ့ထားရင်း မျက်ရည်ခိုးသုတ်တဲ့ ကိုယ့်ကို သနားနေပုံလည်းရတယ်..။ လမ်းဟာ စာတစ်ပုဒ်ဖတ်သလို ကိုယ့်အတွေးတွေကို သိသိသာသာ ဝင်ဖတ်ချင်သူဖြစ်တယ်..။ မိုးရေတွေအောက်မှာ ခေါင်းမာမာနဲ့ သူ့အနားမှာ ရှိနေပေးခြင်းကို အားနာနေပုံရတယ်..။ လမ်းဟာ သူ့ရင်အစုံက ကွဲရှလွင့်စင်လာတဲ့ အကျိုးအပဲ့တွေကို သိမ်းထားပေးမှာ သိနေတဲ့ ကိုယ့်ကို ကျေးဇူးတင် စကားဆိုတတ်သေးတယ်..။ ကိုယ့်နှုတ်က ထွက်ကျလာမဲ့ စကားတစ်ခွန်းခွန်းကို မျှော်လင့်နေပုံရတယ်..။ အားမလို အားမရ ဖြစ်ခြင်းတွေနဲ့ ကိုယ့်ကို အပြစ်တင်ချင်ပုံရတယ်..။ လမ်းဟာ ကိုယ့်ကို အရပ်လေးမျက်နှာကနေ ရှု့ထောင့်အမျိုးမျိုးနဲ့ လေ့လာသူလည်း ဖြစ်တယ်..။ 

ကိုယ့်မျက်နှာကို မော့လိုက်ရင်း သူ့မျက်လုံးတွေထဲကို စေ့စေ့ကြည့်လို့ ခေါင်းတစ်ချက်ဆတ်ပြလိုက်တယ်..။  ဒါဟာ ကိုယ် လမ်းကို နှုတ်ဆက်လိုက်ခြင်းပဲ ဆိုတာ သူသိသွားပြီ...။ လမ်းက လက်တစ်ဖက်ကမ်းရင်း ကိုယ့်ကိုပြုံးအပြမှာ ကိုယ့်မျက်ရည်တွေကို သူမြင်သွားပြီ..။ လမ်းဟာ ပထမ မျက်မှောင်ကြုတ်တယ်.. အဲ့ဒီနောက် ခေါင်းကို လေးတွဲ့တွဲ့ခါရင်း နောက်ဆုံး စကားအရှည်ကြီးတစ်ခွန်းကို သူပြောတယ်..  

မင်းဟာ စကားမပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိသွားပြီ... ငါ့အန်ဖတ်တွေကို မင်းသယ်မသွားပါနဲ့... ငါ့ပုံပြင်တွေကို မင်းရင်ထဲက ထုတ်ပြီး ဒီနေရာမှာပဲထားခဲ့ပါ.. မျက်ရည်တွေကို သုတ်လိုက်တော့.. မင်းလျှောက်မဲ့ လမ်းတွေ လှပပြီး ဒဏ်ရာတွေ နည်းပါစေကွာ.. ကဲ.. မင်းသွားတော့”  ... တဲ့...။  ပြောပြောဆိုဆို လမ်းဟာ ငြိမ်သက်သွားတယ်... လမ်းဟာ လမ်းဖြစ်သွားတယ်...။ 

ဘယ်လို ခံစားမှုမျိုးမှန်း မသိပဲ ကိုယ့်ရင်တွေ တစ်ဆို့ဝမ်းနည်းလာပြီ...။ စူးပြီး အောင့်တက်လာတဲ့ရင်ကို လက်တစ်ဖက်နဲ့ ကိုယ်ဖိလိုက်ရင်း နောက်လက်တစ်ဖက်နဲ့ မိုးတွေရွှဲရွှဲစိုနေတဲ့ ကိုယ့်ဆံပင်တွေကို သပ်တင်လိုက်တယ်..။  ကိုယ်ဟာ ခြေထောက်တစ်ဖက်ကို ခပ်ဖွဖွ စကြွလိုက်တယ်..။ ချာကနဲ လှည့်ထွက်ဖို့အားယူရင်း ကိုယ့်နှုတ်ခမ်းဆီက သူမမျှော်လင့်တဲ့ စကားတစ်ခွန်း လွတ်ထွက်ကျသွားတယ်..။ 
 
“ငါကိုယ်တိုင်လည်း လူမှမဟုတ်တာ...  အရာအားလုံး နာကျင်ကြေကွဲမှုအားလုံးဟာ မင်းနဲ့ထပ်တူ ထပ်မျှ ခံစားဖူးတဲ့ လူယောင်ဆောင်ထားတဲ့ လမ်းတစ်လမ်းမို့ပါပဲ... ငါမင်းကို နှုတ်ဆက်ပါခဲ့တယ် လမ်းရေ....”

ညဥ့်နက်နက် တစ်ညမှာ မိုးရေတွေအောက်က လမ်းတစ်လမ်းဟာ တုတ်တုတ်မှမလှုပ် တိတ်ဆိတ်ငြိမ်သက်လွန်းစွာ လဲလျောင်းလို့နေပါတယ်...။

(ခင်လေးငယ်)

Wednesday, June 2, 2010

အချစ်နှင့် သူငယ်တန်းဖတ်စာ

A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား.. ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓါးပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံးစာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ မင်းပစ်ခဲ့တာလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့်မှာတော့ အခုချိန်ထိ တ.. လှပ်.. လှပ်..

B - bird, bell ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လလေးရဲ့ တစ်ဆယ့်ကိုးရက်တဲ့... ကိုယ်ပြန်ပြောရင် မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြဦးမှာပဲနော်... ဟက်ကနဲ ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...

C - cup, cat ကိုယ် ကိုယ်တိုင်ရွေးချယ် ဝယ်ယူထားတဲ့ မင်းတယောက်အတွက် သီးသန့်ထားရှိခဲ့တဲ့ အဖြူရောင်မှာ အနီကွက် အကွပ်လေးတွေနဲ့ ကော်ဖီခွက်လေးဟာ ကိုယ်ဖြစ်ဖြစ် သွားမိပြန်သေးတာ မင်းသိရဲ့လား.. ကိုယ်ဖျော်ပေးတဲ့ ကော်ဖီလေးထဲမှာ သကြားမှုန်လေးအစား ကိုယ့်အချစ်တွေနဲ့ ဖျော်ထားတာလေ.. ကိုယ့်ကို စိတ်တိုအူယားအောင် မင်းစနောက်တတ်ချိန်တိုင်း တကယ်ပါ... ကိုယ်ဟာ ကြောင်လေး တစ်ကောင်လို ရှိသမျှ လက်သည်းတွေထုတ်ပြီး ကုတ်ဖဲ့ချင်စိတ်တွေနဲ့ နေရထိုင်ရခက် လွန်းလိုက်တာလေ.. ဒီလိုပြောလို့ မင်းလေး ကိုယ့်ကို လန့်သွားမယ်တော့ ကိုယ်မထင်ပါဖူး.. ပိုလို့တောင် တိုးပြီး စဦးမှာ သိနေပြန်သူဟာ ကိုယ်... ပဲ... ပေါ့...!!

D - dog ခွေးလေးတွေဟာ သခင်တွေအပေါ်မှာ သိပ်ကို သစ္စာရှိကြသတဲ့...။ ကိုယ်ဟာ အမွှေးစုတ်ဖွားလေးနဲ့ ခွေးပေါက်မလေး တစ်ကောင် ဖြစ်ပြီး မင်းဟာ ကိုယ့်သခင် ဆိုခဲ့ရင်...... ဟင့်အင်း ဘာမှဆက်ပြောပြဖို့ မလိုတော့ဖူးပဲနော်... ကိုယ့်ရင်ထဲကို မင်းထိုးဖောက်မြင် တတ်နေမှပဲ.. ဘာလိုသေးလို့လဲကွာ..!!

E - eye, ear ကိုယ့်ဘေးမှာ မင်းရှိနေမပေးနိုင်တဲ့ အချိန်တွေတိုင်း ကိုယ့်မျက်လုံးတွေထဲမှာ မင်းအရိပ်လေးတွေပဲ ပြေးဆော့ကစားလို့... ကိုယ့်အကြား အာရုံ တွေထဲမှာ စက္ကန့်မလပ် စိုးမိုးထားတာလည်း မင်းအသံ ပြာရှရှလေးတွေပဲ ဆိုတာ မင်းသိအောင် မင်းနားလေးနားကပ်ပြီး တိုးတိုးဖွဖွလေး ကိုယ်ပြောပြချင်နေမိတယ်...  ကိုယ်မင်းကို သိပ်... ချစ်... တာ... ပဲ...!!

F – fish, fan မင်းအခန်းလေးထဲမှာ အမြတ်တနိုးနဲ့ မွေးမြူထားတဲ့ ငါးကန်ထဲက ရွှေငါးလှလှလေးကလည်း ရာသီမရွေး ရေအပူချိန်ညှိထားတဲ့ ကန်လေးထဲမှာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်လို့နေတိုင်း ကိုယ်ဟာ ငါးလေးဖြစ်ချင်ရပြန်သေး... နွေရာသီကို မုန်းပြီး အပူကြောက်တဲ့ မင်းအတွက် နှီးယပ်တောင် သန့်သန့်လေး အဖြစ် မင်းအနား ရောက်နေချင်သူဟာလည်း ကိုယ်ပါပဲ... ခိုးခိုးပြီး တိတ်... တိတ်... လေး... ပေါ့..!!

G - girl, goose ကိုယ့်ချစ်သူရေ... တခါတလေတော့ မင်းဟာလည်း ယောက်ျားတွေထဲက တစ်ယောက်ပဲဆိုတော့ကွယ်.. ခပ်ကဲကဲ အလန်းမလေးတွေကို မြင်တိုင်း ပြုံးစိစိကြီးနဲ့ လိုက်ရှိုးတတ်သေးပါရောလား.. ကိုယ့်မှာသာ ဘေးနားက ပွစိပွစိနဲ့ ဒေါသတွေ အလိပ်လိုက်ထွက်လို့ မျက်နှာကြီး ဆူပုတ်ပြီး မျက်စောင်းတွေ လိုက်ထိုးရင်း မနာလိုစိတ်တွေနဲ့ ကိုယ်ဟာ မိုက်... မဲ... သူ...!!

H - hat, hut ကိုယ်ဟာ ဦးထုပ်တွေကို သိပ်ကြိုက်သူပါ... ကိုယ့်မှာ အများကြီးရှိတဲ့ ဦးထုပ်တွေထဲက ခရီးတစ်ခုရဲ့ အပြန်မှာ မင်းကလက်ဆောင်အဖြစ် ဝယ်လာပေးတဲ့ နှစ်ဖက်လှ ဦးထုပ်အဝိုင်းလးကို အမြတ်နိုးဆုံးပေါ့။ မင်းနဲ့ကိုယ်ဟာ ပကာသနတွေကို မက်မောမှုမရှိတာ တထပ်တည်းနော်... ကိုယ်တို့တွေ သီချင်းလေးတွေ ဆိုညည်းရင်း နှစ်ယောက်အတူတူ ရှိနေချိန်တိုင်း ချစ်စရာ တဲအိမ်ကလေး တစ်လုံးကလည်း ကိုယ်တို့အတွက် ရွှေအိုရောင် မဟာ နန်း... တော်... ကြီး...!!

I - iron, ink သံတွေ သံမဏိတွေထက် ခိုင်မာလွန်းတဲ့ သံယောဇဉ် နှောင်ကြိုးတွေနဲ့ ရစ်ပတ်ပြီးမှတော့ ကိုယ်တို့ ဘဝလေးထဲမှာ မုန်တိုင်းကြမ်းစေဦး နွေးထွေးတဲ့ အပြန်အလှန် အားပေးမှုတွေနဲ့ ကျော်ဖြတ်နိုင်ကြမှာပဲ။ မင်းအချစ်တွေနဲ့ ဒါမှမဟုတ် မင်းအချစ်တွေကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုမှင်စက်လေးမျိုးမှ စွန်းထင်မခံနိုင်ဖူးလို့ ခဏခဏပြောတတ်တဲ့ စကားလေးကြောင့် ကြိမ်ဖန်များစွာ ကျေနပ်မိရသူဟာ... ကိုယ်ပဲပေါ့ ချစ်... သူ... ရယ်...!!

J - jam, jacket ချစ်သူရေ... မင်းရဲ့ နူးညံ့ကြင်နာတတ်တဲ့ ယုယမှုတွေဟာ ကိုယ့်အတွက် အနွေးဓါတ်ရစေတဲ့ ဂျာကင်ပန်းနုရောင်လေး ဖြစ်သလို ချိုမြိန်လွန်းလို့ ကိုယ်သိပ်ကြိုက်တဲ့ စတော်ဘယ်ရီဂျဲ(မ်) လေးလည်း ဖြစ်တယ်..။

K - key, kite ကိုယ်တို့ တိုးဝင် လျှောက်လှမ်းမဲ့ ဘဝရဲ့ ပိတ်ထားတဲ့ တံခါးအဆင့်ဆင့်တွေကို ဖွင့်နိုင်ဖို့ နှောင်ဖွဲ့ယူထားတဲ့ မေတ္တာခွန်အားသော့တွေ ရှိနေတာပဲ ဘာများလိုသေးလို့လဲလေ... ဟုတ်တယ်နော် ချစ်သူ..!! မင်းနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းတွေနဲ့ ကမ္ဘာကြီးကိုပတ်လို့ လေတံခွန်လေးအဖြစ်နဲ့ လွင့်ချင်တယ်လို့ ကဗျာဆန်ဆန် ပြောတတ်သူ မင်းကို ကြည်နူးစိတ်တွေနဲ့ စနောက်ချင်မိတတ်တဲ့ ကိုယ်ဟာ အဲ့ဒီအချိန်မှာတော့ အစနောက်သန်တဲ့ လူ... ဆိုး... မ... လေး...!!

L - leaf သစ်ရွက်လေးတွေ ကြွေနေတာကို ထိုင်ကြည့်ကြရင်း ကိုယ့်လက်ဖဝါးလေးကို တင်းနေအောင် ဆုပ်ကိုင်လို့ သီချင်းလေးတစ်ပုဒ် ကောက်ဆိုပြတတ်တဲ့ မင်းဆံနွှယ် တွေကို ဖွဆော့ရတိုင်း ရင်တွေခုန်ရတာ ကိုယ့်... မှာ... အ... မော...!!

M - mouse, monkey ကိုယ့်ချစ်သူအကြောင်း ကိုယ်သာအသိဆုံးလို့ ပြောရင် ကိုယ့်ကိုလူတွေ ပြုံးစိစိ ကြည့်ကြဦးမှာနော်... တကယ်ပဲ စကားလေးလုံးမကွဲအောင် ပြောဆို နေတတ်ထိုင်တတ်တဲ့ မင်းဟာ စိတ်ကူးပေါက်ရင် မျောက်လေးတစ်ကောင်လို ဆော့လွန်းတာ တခြားလူတွေ သိမယ်မထင်ဖူး.. ကြွက်ပေါက်စလေးတွေလို တကျွိကျွိနဲ့ ဂျီကျတတ်သူဟာလည်း မင်းပဲလို့ ကိုယ်ပြောတိုင်း မင်းရယ်တတ်တာ ဟက်... ဟက်... ပက်... ပက်...!!

N – nail, nest ကိုယ်ညှပ်ပေးတာခံချင်လို့ ကိုယ်သတိထားမိအောင်အထိ လက်သည်းတွေကို မေ့ချင်ယောင်ဆောင်ပြီး အရှည်ထားတာလို့လည်း မပွင့်တပွင့်နဲ့ ချွဲတတ် တဲ့ ကိုယ့်ချစ်သူဟာ ကိုကိုချွဲလေးပေါ့..။ ချစ်လို့ ချွဲတာပဲဆိုတဲ့ အတွေးလေးနဲ့ ကိုယ့်ကျေနပ်စိတ်တွေက စုပုံထပ်လာလိုက်တာ အသိုက်အအုံလေး တစ်ခုလိုတောင် ဖြစ်... နေ... ခဲ့... ပေါ့...!!

O - orange, onion မင်းနွှာပေးတတ်တဲ့ လိမ္မော်သီးလေးတွေကို အမျှင်လေးတွေ မခွာဖို့ ကိုယ်ပြောတာလည်း အကြိမ်ကြိမ်... ကိုယ်က လိမ္မော်သီး အမျှင်လေးတွေရဲ့ ခါးသက်သက်လေးကို ကြိုက်တာဆိုတော့ “ဟာ... ကွာ” တဲ့...။ ဒီလိုပါပဲ ကြက်သွန်နီစိမ်းကိုစိပ်ပြီး ရေမဆေးပါပဲ ငါးပိရည်နဲ့ တို့စားတတ်တဲ့ မင်းကို ကိုယ်ကနှာခေါင်း ရှုံ့ပြန်တော့ “အမယ်... အဲ့ဒီမွှန်တက် သွားတာလေးကိုက မိုက်တာဗျ” ဆိုပဲ..။

P - pin,pencil ကိုယ့်အနားမှာ တွယ်ချိပ်လေးတစ်ခုလို ကပ်ကာလိုက်ပါဖို့ ရမယ်ရှာရှာနေတတ်သူဟာ ကိုယ်ချစ်တဲ့ မင်းပါပဲ... ကိုယ်စာရေးချိန်မှာ သုံးတတ်တဲ့ ခဲတံလေးလည်း ဖြစ်ချင်ပြန်သေးသတဲ့လေ... ကို... ပို... လေး...!!

Q - queen “မင်းသာဘုရင်ကြီး တစ်ပါးဆိုခဲ့ရင် ကိုယ်ဟာ မင်းကို အလိုက်သိနားလည် ဖေးမစာနာ ကူညီပေးနိုင်မဲ့ ဘုရင်မလောက်တော့ ဖြစ်ချင်တာပေါ့ကွာ..” လို့ ကိုယ်က ခပ်တည်တည်နဲ့ ပြောတော့ တဟားဟား သြော်ရယ်ရင်း.. “အမယ် မ.. သာ ဘုရင်မကြီးလုပ်ပြီး မောင့် ကို သနားစိတ်လေးနဲ့ မ.. ဘေးမှာ တသက်လုံးနေလို့ ရနိုင်မယ့် နေရာလေးတစ်ခုသာ အပ်နှံစမ်းပါနော်..” တဲ့။ ကဲ... ဘယ်လောက်များ လူလည်ကျတတ်တဲ့ ကိုယ့်ချစ်သူလည်းနော်..!!

R = rabbit ယုန်ဖြူဖြူလေး တစ်ကောင်လောက် ကိုယ်ချစ်လို့ အလှမွေးဖို့ ဝယ်ပေးပါ ပူဆာထားတာကို သက်သက်မဲ့ မေ့ချင်ယောင်ဆောင် နေသူဟာ မင်းပဲ မဟုတ်လား..!! မသိရင်ခက်မယ် သူ့ကို ဂရုစိုက်လျော့မှာ စိုးတဲ့ လော ဘ ကြီး သူ လေး..။

S – shirt အဖြူရောင် ရှပ်အင်္ကျီ ပါးလျလျလေးတွေကို နှစ်သက်ခုံမင်စွာ ဝတ်တတ်တဲ့ မင်းလို ကောင်လေးတွေ မြင်တိုင်း မင်းများလားလို့ ကိုယ်ကြည့်မိတယ်ပြောတော့ ကိုယ့်ကို စူပုတ်ပုတ်ကြည့်ပြီး “ဟွန်းးး ရှပ်အင်္ကျီ ကယ်ပေလို့ပေါ့ကွာ...” တဲ့

T - table, tree ကိုယ်နဲ့မင်း ထမင်းလက်ဆုံစားရင်း ထမင်းစားပွဲမှာ ငြင်းခုန်ကြတာ မှတ်မိသေးရဲ့.. ကိုယ်တို့ အသက်တွေကြီးလာရင် ခုလုပ်နေတဲ့ အလုပ်မျိုးတွေ မလုပ်ပဲ အပင်စိုက်စားမယ်ပြောရင်း ကိုယ်က နှင်းဆီခြံစိုက်ချင်သူ... မင်းကတော့ သစ်ခွမျိုးစုံ ပျိုးချင်သူပေါ့.. အဲ့လိုနဲ့ အရည်မရ အဖတ်မရ ငြင်းခုန်ရင်း ကိုယ်စိတ်ကောက်လိုက်တာ နှစ် ရက် ခွဲ တိ တိ...။

U - umbrella မိန်းကလေး ဖြစ်ပြီး နေပူပူ မိုးရွာရွာ ထီးသယ်ဖို့ ပျင်းလွန်းတဲ့ ကိုယ့် ပေတေမှုကို ပြင်ဖို့ ချော့မော့ပြောရတာ “မောင်... စိတ်ညစ်တယ်ကွာ.” လို့ မင်းပြောတုန်းက ကိုယ်နည်းနည်းတော့ လန့်သွားမိတာ အမှန်ပဲ.. အဲ့ဒီ စိတ်လေးကလည်း ခဏပါ.. နောက်တော့ ကိုယ့်ရဲ့ မဟာထုံးစံအတိုင်း ဒုံရင်းက ဒုံရင်း င... ပေ... မ... ပေါ့...!!

V - violin ဂွတီးဂွကျ ဘုဆတ်ဆတ်ပြောတတ်တဲ့ ကိုယ့်ကို အသနားခံတဲ့ အကြည့်လေးနဲ့  “ဟိုး အရင်ကလို တယောသံလေးနဲ့ ချွဲချွဲနွဲ့နွဲ့ တီတီတာတာလေးတွေ ပြောစမ်းပါကွာ...” လို့ မင်းပြောလာတိုင်း ကိုယ်တွေးမိပါတယ်.. တခါတလေတော့ ချွဲ... နွဲ့... ဦး... မှ... ပါ... လို့လေ..။ :P

W – water  အာသီး ခဏခဏယောင်တတ်တဲ့ ကိုယ်ဟာ ရေခဲတွေနဲ့ အေးစက်စက်ရေက လုံးဝကို မတည့်တာပါ.. မတည့်မှန်းသိလည်း လက်အစုံက လှမ်းမိတာ အေးစက်နေတဲ့ ရေခဲရေခွက်ဆီကိုပေါ့.. သူ့မှာလည်း ကိုယ်ရေဆာတယ် ပြောတိုင်း ရိုးရိုးရေ.. ရိုးရိုးရေ.. ရိုးရိုးရေနော်လို့ သတိပေးပေး နေတတ်တော့ ကိုယ့်နံမည်ကိုတောင် ရိုးရိုးရေ လို့ ပြောင်းမလား စိတ်ကူးမိသေး.. :)

X - xylophone  သူငယ်တန်းဖတ်စာအုပ်ကို ခိုးပြီးကိုးကားရေးလာခဲ့တာ ချစ်သူနဲ့ ကိုယ့်အကြောင်းပေါ့..။ A to W အထိပြီးနေပြီ.. အဲ... X... X... ရောက်လာခဲ့ပြီ.. ပတ္တလားတဲ့.. ခေါင်းတွေပူသွားတယ် ပတ္တလားနဲ့ အချစ်ကို ဘယ်လိုများ ဆက်စပ်ယူရမှာပါလိမ့်..!! ဟိုဟိုဒီဒီ ယောင်ပေပေ ဝေ့ဝဲကြည့်လိုက်တယ်ဆိုမှ တန်းတိုးတာ ချစ်သူ့မျက်လုံးတွေ..။ ကိုယ့်အာရုံနဲ့ ကိုယ် W အထိတောက်လျှောက် ရေးလာခဲ့တော့ ကိုယ့်နောက်ကို မင်းက ဘယ်အချိန်ကတည်းက ရောက်ပြီး ကိုယ်ရေးသမျှကို ဖတ်လာခဲ့တယ်မသိ.. ခပ်ရှက်ရှက်ဖြစ်သွားတဲ့ စိတ်လေးနဲ့ သူ့မျက်နှာကို သေချာကြည့်မိမှ ပြုံးရင်း ကိုယ့်ကို မေးတစ်ချက် ဆပ်ပြတယ်.. ကဲ... လုပ်ပါဦး ဘယ်လိုရေးမလဲ ပတ္တလားနဲ့ အချစ်ဆိုတဲ့ ဒီဇိုင်းနဲ့ပေါ့.. ကိုယ်ခေါင်းကုတ်ရင်း အဆီမဆိုင် ဟီးးး လို့ ရယ်ပြလိုက်မိတယ် သြော်... သူငယ်တန်း အင်္ဂလိပ်စာရယ်.. ပတ္တလားရယ်.. ကိုယ်ရယ်.. မင်းရယ်.. အချစ်အကြောင်းရယ်..... :P :P :P

Y - yoke  ကိုယ်တို့ရဲ့ အချစ်တွေကို ဟိုး ဘဝ အဆုံးထိ  ခိုင်မာသထက် ခိုင်မာအောင် ယူဆောင်သွားဖို့ အပေးအယူတွေ နားလည်မှုတွေနဲ့ ဖလှယ်စရာတွေ အများကြီးပဲ မဟုတ်လားကွယ်... ကိုယ်တို့ ဘဝဟာ ထမ်းပိုးလေးတစ်ခု ဆိုခဲ့ရင်... ထမ်းပိုးလေး တစ်ဖက်တစ်ခြမ်းမှာ ကိုယ်တို့ရဲ့ ချစ်ခြင်းတွေကို ထုပ်ပိုး ထားတဲ့ အထုပ်ကလေးနှစ်ထုပ် ရှိနေမှာပေါ့..။ မင်းဖက်က ထမ်းပိုးအစွန်းမှာ ချည်ထားတဲ့ အထုပ်လေးထဲကို နားလည်မှုတွေ  ထည့်ပေးသလို ကိုယ်ကလည်း စာနာညှာတာမှုတွေကို ကိုယ့်အထုပ်လေးထဲကို ဖြည့်ပေးရမှာပေါ့.. မင်းရဲ့ အကြင်နာတွေ နူးညံ့မှုတွေကို ကိုယ်ရရှိချိန်မှာ ခေါင်းမာစွာ ဆိုးတတ်တဲ့ ကိုယ့်အကျင့်တွေကို ဖျောက်ပေးရမှာပေါ့..။ ကိုယ်တို့ အချစ်တွေ ဘက်ညီမှ ဖြစ်မှာလေ..။ ဒါမှသာ ကိုယ်တို့ရဲ့ ဘဝ ထမ်းပိုးလေး ညီညာစွာ ပခုံးထက်မှာ ရှိနေမှာပေါ့နော်...

Z - Zoo  မနှစ်က နွေရာသီဦး ချယ်ရီပန်းကြည့်ပွဲလေးကို ကိုယ်မှတ်မိနေတယ်.. ကိုယ်တို့သွားခဲ့တဲ့ ပန်းခြံနဲ့ တွဲရက်က နံမည်ကြီး တိရစ္ဆာန်ရုံကြီးပေါ့..။ ကိုယ့်ညာဖက် လက်လေးကို တင်းနေအောင် ဆုပ်ထားတဲ့ မင်းဘယ်လက်မောင်းမှာ ပါးလေးကပ်ရင်း အကောင်တွေကို ငေးမောခဲ့ကြတာလေနော်.. တကယ်တမ်းသွားတာက ချယ်ရီကြည့်ပွဲ... အချိန်တွေကုန်ခဲ့တာက တိရစ္ဆာန်ပေါင်းစုံ ကြည့်ရင်းပေါ့.. ငှက်လေးတွေတောင် ကိုယ်တို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ အတင်းတုပ်နေပုံရတယ်.. တကျိကျိနဲ့ ဆူလို့ ညံလို့... လှောင်အိမ်ထဲမှာလို့ ပြောလို့မရအောင်တောင် သူတို့ လှောင်အိမ်ကြီးက တမျှော်တခေါ် ကြီးမား ကျယ်ပြန့် လိုက်တာ... တောအုပ်ကြီးတစ်ခုလိုပဲ..။ “တိရစ္ဆာန်ဘဝနဲ့ ငှက်လေးတွေ ဖြစ်ခဲ့ရင်တောင် မခွဲချင်ဖူး မောင် ရယ်.. အတူတူနော်..” လို့ ကိုယ်က ခပ်ချွဲချွဲလေး ပြောလိုက်တော့ ကမ္ဘာမှာ အကြင်နာဆုံး လူသားတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ကိုယ့်နဖူးလေးကို ဖွဖွလေး ငုံ့ပြီးအနမ်းမှာ မင်းနှုတ်ခမ်းလေးရဲ့ မပြောင်းလဲတဲ့ နွေးထွေးမှုတွေက ကိုယ့်ကို ကလေးလေး တစ်ယောက်လို ရှက်... ကိုး... ရှက်...ကန်း...

ဤတွင် သူငယ်တန်းဖတ်စာ A to... Z သင်၍ ပြီး၏..။။ အ ဟက်... :)


(ခင်လေးငယ်)

ဖွင့်ဟချက်။              ။ သူငယ်တန်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ် ထဲမှာပါတဲ့ စကားလုံးလေး တချို့ကို ယူပြီး ပေါ့ပေါ့ပါးပါးလေး ရေးဖွဲ့ပါတယ်..။ ကျွန်မ ချစ်ရတဲ့ မ” မမနော် ကျေနပ်နိုင်ပါစေ.. အချိန်အကြာကြီးနေမှ ဆပ်နိုင်တဲ့ အကြွေးလေးမို့ အတိုးများများ တိုးမယူရန် အားလုံး၏ ရှေ့တွင် အသိပေးကာ တောင်းပန်အပ်ပါကြောင်း.... :P

Friday, April 30, 2010

သွားနည်းသွားဟန်သရုပ်မှန်

ကျွန်ုပ်တို့သည် သဘာဝတရား၏ အမြော်အမြင်ကြီးစွာ တပ်ဆင်ပေးလိုက်သော မွေးရာပါ ခြေနှစ်ချောင်းကြောင့် နားရသည်မရှိ သွားပြီးရင်း သွားနေကြရသည်။ လူတို့တွင် ခြေထောက်ဆိုသော နှစ်ချောင်းထောက်များသာ မပါရှိလျှင်လည်း တုံးတိတိနှင့် အတော် မချိစရာကောင်းပေလိမ့်မည်။ လှမ်းစရာ မလို သွားစရာ မလိုနှင့် လူငုတ်တုတ်များ ဖြစ်ကြပေမည်။ ထိုနှစ်ချောင်းထောက်များ ရှိပြန်တော့လည်း ဘယ်တစ်လှမ်း၊ ညာတစ်လှမ်းဖြင့် လှမ်းပြီးရင်း လှမ်းနေရပြန်သည်။ တစ်ဦးနှင့်တစ်ဦး မတူညီသော ဦးတည်ရာများသို့ သွားလာနေကြသည်ဟု ထင်ရသော်လည်း အမှန်မှာ ကျွန်ုပ်တို့သည် တစ်ခရီးထဲ သွားနေကြသော ခြေလျင်လျှောက်သူများပင်။ မြန်မြန်လျှောက်လျှောက်၊ နှေးနှေးလျှောက်လျှောက် အချိန်တန်လျှင်တော့ ထိုပန်းတိုင်သို့ ရောက်ကြရမည်။

ကျွန်ုပ်သည် အလွန်ပေါက်ကရနိုင်သော ကြောင်စီစီတွေးတတ်သူ ဖြစ်သည့်အလျောက် ထိုနှစ်ချောင်းထောက်များ၏ သွားနည်းသွားဟန်များအား သရုပ်ခွဲ၍ တွေးကြည့်နေမိသည်။ ခြေနှစ်ချောင်းချင်း အတူတူ လျှောက်ပုံလျှောက်ဟန်များ တူညီမှုမရှိပဲ မသိမသာ ကွဲပြားနေကြကြောင်းလည်း တွေးလေလေ မြင်လေလေဖြစ်သည်။ မြင်လေလေ (ရီ) ရယ်ချင်ပက်ကျိ ဖြစ်လေလေဖြစ်သည်။ လူတို့တွင် ခြေနှစ်ချောင်းသာရှိ၍ တော်တော့သည် ထိုနှစ်ချောင်းကိုပင် ပုံစံအမျိုးမျိုး ထွင်လျှောက်ကြသည်။ လေးချောင်းများသာရှိလျှင် ပို၍ အဆန်းထွင်လျှောက်၍ ကောင်းမည်ထင်သည်။

ကျွန်ုပ်ပထမဆုံး ပြောပြလိုသော လမ်းလျှောက်ဟန်မှာ ကျွန်ုပ်၏ ငယ်ပေါင်း သူငယ်ချင်း တစ်ယောက်၏ လမ်းလျှောက်ဟန်ကိုပင်။ အတော်ငယ်ငယ် ကလေးဘဝမှစ၍ ထိုအတိုင်းသာ လျှောက်လာခဲ့သူဖြစ်၍ ဒင်း၏ လမ်းလျှောက်ဟန်အား စတိုင်ထုတ်၍ လျှောက်သည်ဟူ၍ ကျွန်ုပ်မထင်မိပေ။ ဒင်းလမ်းလျှောက်ပုံမှာ.. ခါးအား မတ်မတ်ထား၍ ရင်အား ကော့ထားသည်။ ခေါင်းလည်း မော့ထားသည်။ လက်နှစ်ဖက်အား လွှဲလျှောက် လျှောက်ရာတွင် အရှိန်အတော်များများဖြင့် လွှဲတတ်သောကြောင့် လက်ကြီးမှာ အလွန်ရမ်းနေသည်။ ခြေထောက်သည်လည်း ဒူးခေါင်း (တံကောက်ကွေး) အား ကွေးသည်ဟု မထင်ရလောက်အောင် တောင့်တောင့်ကြီးဖြစ်သည်။ ဆန်းပြားသည်မှာ ခြေဖဝါး နှစ်ခုအား အပြင်သို့ ကား၍ လျှောက်ခြင်းဖြစ်သည်။ သတိအနေအထားဖြင့် ခြေအစုံးပူး၍နေလျှင် ဒင်းခြေထောက်မှာ အင်္ဂလိပ်အင်္က္ခရာ (V) ပုံသဏ္ဍာန်မျိုး ဖနောင့်နှစ်ဖက်ပူး၍ ခြေမနှစ်ဖက် အတော်ဝေးနေသည်။ ထိုသို့ ခြေဖဝါးနှစ်ဖက်အား အပြင်သို့ကား၍ တစ်ကိုယ်လုံး တောင့်တောင့်ကြီးလျှောက်သော လမ်းလျှောက်ဟန်မှာ ရယ်ချင်ပက်ကျိဖြစ်စရာပင်။ ဆိုတော့ဖြင့် ဒင်းလမ်းလျှောက်ပုံမှာ လက်ကြီး ဝှီးကနဲ ဝှီးကနဲနှင့်။ ဖိနပ်သံ ပလပ်ပလပ်နှင့်။ ခြေကားရား လက်ကားရားနိုင်လှသည်။

ဒုတိယ ပြောပြလိုသော လျှောက်နည်းလျှောက်ဟန်မှာ ဆန်းပြား၍ ကဗျာဆန်နေသည်။ ထိုသူမှာ အခြားသူ မဟုတ်ပေ အထက်တွင် ဖော်ပြခဲ့သော ကားရားပုံစံလျှောက် သူငယ်ချင်း၏ ချစ်လှစွာသော ရည်းစားဖြစ်သည်။ သူမ၏ လမ်းလျှောက်ဟန်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ အတိအကျ ပုံဖော်ပြရသော်.. ခါးအား ခပ်ကိုင်းကိုင်းထား၍ ဒူးခေါင်းအား ကွေးကာလျှောက်သည်။ လက်နှစ်ဘက်မှာ လွဲသည်ဟု မထင်ရလောက်အောင် လှုပ်ရုံသာ လှုပ်သည်။ လက်နှစ်ဖက်အား ခန္ဓာကိုယ်ဘေးတွင် အသေကပ်၍ ခေါင်းငုံ့လျှောက်တတ်သည်။ တစ်ကိုယ်လုံးခြုံကြည့်လျှင် ခါးကုန်းကုန်းနှင့် အားမရှိသူဟု ထင်ရလောက်အောင် ပျော့ခွေဟန် ပေါက်နေသည်။ ဆန်းပြားသည်မှာ ခြေဖဝါးနှစ်ဖက်အား အတွင်းသို့ ခွင်၍လျှောက်တတ်ခြင်းပင်။ ရိုးရိုး ခွင်ခြင်းမျိုး မဟုတ်ပဲ ခြေလှမ်းလိုက်လျှင် ဝိုက်၍ ဝိုက်၍ ခွင်ခြင်းမျိုး ဖြစ်သည်။ စတိုင်ထုတ်သည်ဟု ထင်စရာ ရှိသော်လည်း သူမလမ်းလျှောက်ဟန်လည်း (ရီ) ရယ်ချင်ပက်ကျိ။

ဒင်းတို့ စုံတွဲ အတူများတွဲလာလျှင် လူတိုင်း သတိထားမိလောက်အောင် ဆန့်ကျင်ဘက် ဆန်လှသည်။ အလွယ်ပြောရလျှင် တစ်ယောက်သည် တောင့်တောင့်ကြီးနှင့် ကားကားကြီး၊ နောက်တစ်ယောက်သည် ကုန်းကုန်း ပျော့ပျော့နှင့် ခပ်ခွင်ခွင်။ ဒင်းတို့အတွဲ လူပြောများ၍ နာမည်ကျော်လှပေသည်။ ကလေးများမွေးလျှင် မည်သို့လျှောက်မည်မသိ။ မွေးမည့်ကလေး အတည့်ပြန်၍ ဖြစ်သွားနိုင်ကောင်းသည်။

ကျွန်ုပ်စိတ်ပျက်မိသော လမ်းလျှောက်ပုံ တစ်ခုရှိသေးသည်။ တခြားတော့ မဟုတ်ပေ ကြောင်လျှောက်ဆိုလား Cat Walk ဆိုလား နာမည်ကျော် လမ်းလျှောက်ဟန်မျိုးပင်။ အမှန်အတိုင်း ပြောပြရလျှင် ကျွန်ုပ်လည်း ခေသူမဟုတ်ပေ။ ခေသူ မဟုတ်ဆို၍ မခေသူဟူ၍လည်း အထင်မရောက်စေလိုပေ။ ကျွန်ုပ် ရည်းစားများများစားစား မထားခဲ့ဖူးပေ။ ထားခဲ့ဖူးသော အချောအလှ ၁၀ ယောက် ၁၅ ယောက်ကျော်ထဲတွင် မော်ဒယ်မလေး တစ်ယောက်ပါဖူးသည်။ ကျွန်ုပ်နှင့်ဒင်းကလေး စတင် ကျွမ်းဝင်ခါစက ပိန်သွယ်သွယ်နှင့် ချစ်စရာလေးဖြစ်သည်။ လမ်းလျှောက်ဟန်သည်လည်း သာမန်အရပ်သူများကဲ့သို့ ရိုးရိုးယဉ်ယဉ်လေးသာဖြစ်သည်။ ကျွန်ုပ်နှင့်ကြိုက်ပြီး သုံးလေးလအကြာတွင် ဖြတ်ဖြတ်လူး၍ ရူးလေတော့သည်။ ရူးသည်ဆို၍ အံ့သြမစောကြစေလိုပေ။ ဒင်းရူးခြင်းမှာ မော်ဒယ်ရူး ရူးခြင်းဖြစ်တော့သည်။ ဘယ်သူက ဘယ်လို မြောက်ပေးလိုက်သည် မသိ မော်ဒယ်သင်တန်း ရောက်သွားတော့သည်။ တဖြည်းဖြည်းနှင့် သူ၏ လမ်းလျှောက်ပုံမှာ ပြောင်းလဲလာသည်။ ဒေါက်မြင့်ဖိနပ်လည်း မချွတ်တမ်း စီးလာသည်။ ဝတ်စားပုံလည်း ပြောင်းလဲလာသည်။ အတူတွဲလျှောက်ရန် ကျွန်ုပ် ရှက်ဖွယ်အတိ ဖြစ်မိလေတော့သည်။

ဒင်းကလေး၏ လမ်းလျှောက်ပုံအား ခပ်ပါးပါး ပုံဖော်ပြရသော်.. ခြေလှမ်းက ခပ်ကျဲကျဲဖြစ်သည်။ ပျဉ်တစ်ပြားတည်း ခင်းထားသော တံတားပေါ်လျှောက်သကဲ့သို့ ဘယ်ခြေလှမ်း၊ ညာခြေလှမ်း တစ်ထပ်တည်းကျသည်။ မြောက်ကြွမြောက်ကြွလေးလည်း ဖြစ်သည်။ ကြောင်လျှောက်ဆိုသည်မှာ တကယ်ပင်မှန်လှသည်။ လက်နှစ်ဖက်လွှဲသည်ကလည်း စည်းချက်ညီသည်။ လှလည်း အလွန်လှပေသည်။ ရင်ခုန်လှိုက်မော လေထဲလွှင့်နေသလိုဖြစ်သည်။ ဒင်းကလေး၏ မော်ဒယ်လမ်းလျှောက် လေ့ကျင့်ပုံမှာလည်း အဆန်းပင်။ ဒင်းတို့အိမ်အနီး ရထားသံလမ်းပေါ်တက်၍ ခြေလှမ်းငြိမ်အောင် လျှောက်သည်ဟူ၏။ ရထားတိုက်မသေသည်မှာ ကံကြီးလှသည်။ အလွန် စိတ်ပျက်စရာ ကောင်းသည်မှာ စင်ပေါ်လျှောက်ပြီးလျှင် အားမရသေးပဲ အရပ်ထဲ၊ ရပ်ကွက်ထဲ၊ လမ်းထဲ ထိုပုံစံအတိုင်းသာ လျှောက်နေလေတော့ ကျွန်ုပ်ရှက်လွန်လွန်းလှသည်။ ကျွန်ုပ်လက်မောင်အား ချိတ်၍ လျှောက်နေပြန်လျှင်လည်း ကျွန်ုပ်မှာ ဒရွတ်တွဲလိုက်ရတော့မလို အနေခက်လှသည်။ ဤသို့ဖြင့် ကျွန်ုပ်လည်း စိတ်မကောင်းစွာ “ဒုန်းး” ကနဲ ဖြတ်ချလိုက်တော့သည်။
(“ဖြတ်သည်” ဆိုခြင်းအား တလွဲမတွေးစေလို.. ဒင်းကလေးအား ချစ်မိသောစိတ်နှင့် သံယောဇဉ်အမျှင်တန်းများအား ဖြတ်ခြင်းသာဖြစ်သည်။)


ထိုမော်ဒယ်မလေးကဲ့သို့ပင် ကျွန်ုပ်သည် လှတပတ ချာတိတ်မလေး တစ်ယောက်နှင့် စုံတွဲခုတ်ဖူးပြန်သည်။ ဒင်းကလေးသည်လည်း ခေသူမဟုတ်ပေ။ မယ်ပြိုင်ပွဲတွင် မယ်ဘွဲ့ရဖူးသည်။ ဒင်းကလေး၏ လမ်းလျှောက်ဟန်မှာ ကျွန်ုပ်အား မထိတထိနှင့် ကလိကလိ ဖြစ်စေသည်။ ပြိုင်ပွဲလျှောက်ဟန်အား ကျွန်ုပ် မျက်ဝါးထင်ထင် မမြင်ဖူးသော်လည်း အတူတွဲသွားလျှင် လျှောက်တတ်သော လမ်းလျှောက်ဟန်အား အမှန်ပင် စွဲလမ်းမိသည်။ လျှောက်ပုံမှာ.. ချစ်စရာကောင်းလွန်းသည်။ ခြေငါးလှမ်း လှမ်းပြီးလျှင် တစ်ကြိမ် ခြေဖဝါးလေးအား ကြွ၍ ခုန်ဆွဆွလေး လုပ်တတ်သည်။ ပုံမှန် ခြေလှမ်း လှမ်းနေရာမှာ လေးငါးလှမ်းကို ခြေလှမ်းစိပ်စိပ်ပြေး၍ သွားတတ်သေးသည်။ ခုန်ဆွဆွလေး လုပ်ပြန်သည်။ ပြီးလျှင် ခပ်လှမ်းလှမ်း ပြေးသွားရာမှ မျက်နှာခြင်းဆိုင် နောက်ပြန်လျှောက်တော့သည်။ နောက်ပြန်လျှောက်လျှင်လည်း ခြေကို ငြိမ်ငြိမ်မလျှောက် ကလေးလေးလို ခုန်ဆွခုန်ဆွ လုပ်နေတတ်သည်။ ဒင်းအပြောအရ “မျက်နှာကြည့်၍ လမ်းလျှောက်ချင်သည်” ဟူ၏။ ကျွန်ုပ်မှာလည်း ထိုခုန်ဆွမလေးကို အူလှိုက်သည်းလှိုက် ဖြစ်သွားတော့သည်။
(ရည်းစားများ၏ လမ်းလျှောက်ပုံများအား တစ်ယောက်ခြင်းရေးနေလျှင် ကျွန်ုပ်အား မြင်ပြင်းကပ်ကြမည်ထင်သည်။ ဤတွင် ရပ်လိုက်ပါမည်။)

လျှောက်နည်းလျှောက်ဟန်များတွင် ပြုံးချင်စဖွယ် လမ်းလျှောက်ဟန်တစ်ခု ရှိသေးသည်။ “ရင်ဘတ်ဖြင့် လမ်းလျှောက်သည်” “ခေါင်းဖြင့် လမ်းလျှောက်သည်” ဟု ဆိုလျှင် ထူးဆန်းပေလိမ့်မည်။ အမှန်ပင် ထိုသို့ တင်စားထိုက်သော လမ်းလျှောက်ဟန် ရှိသည်။ အခြားမဟုတ်ပေ ပြေးရမည်လည်းရှက်၊ နှေးလို့လည်း မဖြစ်သော အချိန်မျိုးတွင် ထိုသို့ လျှောက်တတ်ကြသည်။ ဥပမာ အလုပ်ချိန်နောက်ကျ၊ ကျောင်းချိန်နောက်ကျ၊ ရထားမမီမှာစိုး၊ ကားမမီမှာစိုး စသည့်အချိန်များတွင် တွေ့ရတတ်သည်။ အထူးသဖြင့် ရထားဘူတာများတွင် အတွေ့များသည်။ လျှောက်ပုံမှာ.. ခါးအား အစွမ်းကုန် ကုန်းထားသည်။ စိတ်က ခြေထောက်ထက် ပိုမြန်နေသောကြောင့် ဟတ်ထိုးဟတ်ထိုးဖြင့် ခြေလှမ်းက နောက်ကျနေသည်။ မြင်မြင်ရာ ဝင်တိုက်တော့မယောင် အလွန်မြန်နှုန်းမြင့်လျှောက်သည်။ လက်တွင်လည်း အထုပ်အပိုး၊ အိတ်၊ ဖိုင်တွဲ၊ ထမင်းဘူး စသည်ဖြင့် ပါတတ်သည်။ အသေအချာကြည့်လျှင် ရင်ဘတ်ကြီးဖြင့် သွားတော့မယောင်၊ အရှိန်လွန်၍ ခေါင်းစိုက်တော့မယောင်။ လျှောက်သူ မသိသော်လည်း ဘေးမှကြည့်သူအဖို့ အလွန် (ရီ) ရယ်ချင်စဖွယ်ကောင်းပေသည်။

သွားခြင်းအား အထူးပြုရာတွင် “လှုပ်လီလှုပ်လဲ့” ဆိုသော စကားလုံးသည် အာရုံတွင် ပုံပေါ်လာအောင် အလွန်ကျစ်လစ်သော သရုပ်ဖော် စကားလုံး တစ်ခုဖြစ်သည်။ ထိုစကားလုံးအား ဖတ်မိရုံဖြင့် အမျိုးသားများအနေဖြင့် မိန်မပျိုလေးများအား မြင်ယောင် လာတတ်ကြသည်။ မြင်လျှင်လည်း များသော အားဖြင့် နောက်ကျောဘက်မှသာ မြင်ယောင်တတ်ကြသည်။ ဤသည်မှာ ကျားသဘာဝ သို့တည်းမဟုတ် ဆွဲအားကြောင့် ဖြစ်နိုင်သည်။ ကွမ်းတောင်ကိုင်လေး၏ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်၊ ရေခပ်သူလေး၏ ရေအိုးရွက်၍ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်၊ မြန်မာဆန်ဆန် ယဉ်သူလေး၏ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်၊ စသည်ဖြင့် နိမ့်တုံမြင့်တုံ လျှောက်ပုံမျိုး မြင်တတ်ကြသည်။ ဆိုလိုသည်မှာ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်သည် ကြောင်လျှောက်နှင့် မတူသော်လည်း “လှပါသည်” ဟူ၍သာ ရယ်ကျဲကျဲဖြင့် “ဂလု” ကနဲ ပြောပြလိုခြင်း ဖြစ်သည်။ (ဤနေရာတွင် စိုင်းစိုင်းခမ်းလှိုင် ၏ “အိုးကလေး လှုပ်ပါဟေ့ ရေအိုးလေး လှုပ်ပါဟေ့” ဆိုသည့်အကြောင်းအား အကျယ် မရေးလိုတော့ပေ။ ထိုသို့ လျှောက်ဟန်များအကြောင်း တွေး၍သာ မြင်ကြည့်ကြပါကုန်။)

အတော်အနေခက်မည် ထင်ရသော လမ်းလျှောက်ဟန် တစ်ခု ရှိသေးသည်။ ပြောရမည်ကိုလည်း စိုးတော့ စိုးရိမ်နေမိသေးသည်။ ကျွန်ုပ်အား “ဒါတွေပဲ လိုက်ကြည့်နေတယ်” လို့ ပြောမည့်သူများ ရှိကြောင်းလည်း သိနေသည်။ သို့သော်လည်း “သွားနည်းသွားဟန် သရုပ်မှန်” ဆိုသောကြောင့် သရုပ်မှန်အတိုင်း ပြောပြဖို့တော့ လိုနေသည်။ အခြားမဟုတ်ပေ.. ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင် နှမငယ်လေးများ၊ အမကြီးများ၊ အန်တီကြီးများ၊ ဘွားဘွားကြီးများ အထိ စကက်များ ဝတ်တတ်ကြသည်။ ထိုထဲတွင် A စကက်၊ ထမီစကက်၊ ဖိစကက် စသည်တို့ အလွန်အဝတ်များသည်။ ပတ်ရုံသာ ပတ်ထားသော ပတ်ထမီများလည်း ရှိသေးသည်။ တည်ထွင်သူများ အလွန်တော်လှသည်။ မြန်မာထမီကို မော်ဒယ်မြင့် လိုက်သလိုပင်။

ကိုယ်လုံးနှင့် ကွက်တိထက် ပို၍ တင်းကျပ်စွာ ချုပ်ဝတ်ကြသည်။ ကောက်ညှင်းထုပ်အား နှီးကြိုးဖြင့် တင်းနေအောင် ထုပ်ထားသကဲ့သို့ တင်းလွန်းသည်။ လမ်းလျှောက်လျှင် စကက် အနားသားကို ကန်၍ တရွှမ်းရွှမ်း ကန်လျှောက်လျှောက်ကြသည်။ အရေးအကြောင်း ပြေးလွှားစရာများပေါ်လျှင် စိုးရိမ်စရာ ကောင်းသလို၊ ရယ်ချင်စရာလည်း ကောင်းလှသည်။ ဒူးကွေး၍ မရလောက်အောင် တုပ်နှောင်ထားသောကြောင့် ခြေသလုံးလေးသာ လှုပ်ရုံလှုပ်၍ တုပ်တုပ်တုပ်တုပ်နှင့် ခုန်ဆွဆွ ပြေးရသည်။ တချို့ ပြေးရမည်ကို စိုးကြသည်။ တချို့လည်း လေတိုက်မည်ကို စိုးရိမ်ကြသည်။ လေလည်းလာ လန်လည်းလန် လန့်လည်းလန့် ဆိုသည်မျိုး ဖြစ်မည်။ “လန်ထွက်နေတာပဲ” ဆိုသောစကား ပေါ်ပေါက်လာပုံနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်သည်။ စိတ်ကျဉ်းကျပ်စရာပင်။

သို့သော်လည်း လျှောက်သူ လျှောက်၍ ပြေးသူ ပြေးကြသည်။ အချို့ ကားပေါ်ကျော်ခွ တက်ကြသည်။ အချို့လည်း ခြေဖြင့် စတက်၍ မရသောကြောင့် ခုံပေါ်အရင်ထိုင်၍ ပြီးမှ ခြေကို တုပ်ကာ မပြီး တက်ရသည်။ လှချင်စိတ်၏ ဒုက္ခပင်။ ဆိုတော့ဖြင့် ခေတ်ကာလ နှမငယ်များ ဝတ်စားဆင်ယင်မှု အလိုက် လမ်းလျှောက်ပုံများ၊ နေပုံထိုင်ပုံများ ပြောင်းလဲတတ်ကြောင်း ဤနေရာတွင် သတိထားမိတော့သည်။ ဘောင်းဘီဝတ်၍ ပေါ့ပေါ့ပါးပါး လျှောက်ဟန်၊ စကပ်ဝတ်၍ သတိထားလျှောက်ဟန်၊ လုံခြည်ဝတ်၍ လျှောက်ဟန်၊ ဒေါက်ဖိနပ်အမြင့်ကြီးစီး၍ စိုးရိမ်ထိတ်လန့်စွာ လျှောက်ဟန်၊ တစ်စုံတစ်ယောက် ကြည့်နေမည်စိုး၍ ခြေလှမ်းမှားသော လမ်းလျှောက်ဟန်၊ စသည်ဖြင့် ပြောချင်စရာ အတော်များသည်။

တွေးမိတိုင်းသာ အကျယ်ချဲ့ သရုပ်ဖော်နေလျှင် ကျွန်ုပ်လည်း ရိုက်ပေါက်ဖြစ်မည်။ ဆိုတော့ဖြင့် သတိထားမိလောက်အောင် ထူးဆန်းသော လျှောက်နည်းလျှောက်ဟန်းများ ရှိသေးကြောင်း အတိုချုံ့၍ ပြောချင်သည်။ လမ်းလျှောက်တတ်စ ကလေးငယ်လေး၏ လှမ်းလိုက်၊ ယိုင်လိုက်၊ ထိုင်ချလိုက် ပြန်ထလိုက် စသော လမ်းလျှောက်ဟန်၊ ကျွန်ုပ်တို့ ဘဘကြီး၏ တုန်ချိတုန်ချိ လမ်းလျှောက်ဟန်၊ ဘယ်ညာ ဖိနပ်သံခပ်ကြမ်းကြမ်း ထီမထင်သော လမ်းလျှောက်ဟန်၊ အစုအဖွဲ့ ချီတက် လမ်းလျှောက်ဟန်၊ ထီးမိုးသူ၏ ကြောက်ဒူးတုန်နေသော လမ်းလျှောက်ဟန်၊ အနှေးလျှောက် အမြန်လျှောက် လျှောက်ဟန်၊ ကျီးကြည့် ကြောင်ကြည့် လျှောက်ဟန်၊ ချည့်နဲ့နေသော လမ်းလျှောက်ဟန်၊ တက်ကြွနေသော လမ်းလျှောက်ဟန်၊ ရဟန်းသံဃာများ၏ ဝိနည်းနှင့်အညီ လမ်းလျှောက်ဟန်၊ ဒေါသထွက်သူ၏ ခြေလှမ်းကျဲကြီးဖြင့် လျှောက်ဟန်၊ လူမိုက်၏ လက်နောက်လွဲ ရိုက်ပေါက်လျှောက်ဟန်၊ လှယဉ်ကျေးမယ်၏ ကြွကြွရွရွ လမ်းလျှောက်ဟန်၊ မျက်မမြင် တစ်ယောက်၏ စမ်းတဝါးဝါး လျှောက်ဟန်၊ “ကျား” မဟုတ် “မ” မဟုတ် အခြောက်တစ်ယောက်၏ လျှောက်ဟန်၊ ဝလွန်းသူ၏ ပေါင်းခပ်ကားကား လျှောက်ဟန်၊ စသည်တို့အပြင် ပင့်ကွင်းငှက်ကြီး၏ ဝဝလိမ်လိမ် လမ်းလျှောက်ဟန်၊ မျောက်များ၏ ခုန်ပေါက်၍ လမ်းလျှောက်ဟန်၊ ဂဏန်းကောင်တို့၏ ကန့်လန့်သွားသော လမ်းလျှောက်ဟန်၊ ပက်ကျိ၊ လိပ်၊ မြွေ၊ ကြောင်၊ ပင့်ကူ၊ ပရွက်ဆိတ် စသော တိရိစ္ဆာန်များ၏ လျှောက်ဟန်၊ ထို့ပြင် ဖနောင့်ဖြင့် ခပ်ကြမ်းကြမ်း ဖိလျှောက်ဟန်၊ ခြေဖဝါးဖြင့် ခပ်ဖွဖွလျှောက်ဟန်၊ ဖိနပ်တရှပ်ရှပ် လျှောက်ဟန်၊ ကြိုးတန်းပေါ်လျှောက်ဟန်၊ အရက်သမား၏ ယိမ်းထိုးလျှောက်ဟန်၊ ချာလီချက်ပလင်၏ လျှောက်ဟန်၊ ငတက်ပြား၏ လျှောက်ဟန်၊  ရာဇာနေဝင်း၏ လျှောက်ဟန်၊ ကိုရင်နော်၏ လျှောက်ဟန်... စသည်ဖြင့် စုံလွန်းလှသည်။
(ကိုရင်နော်၏ လျှောက်ဟန် ဆို၍ စာဖတ်သူ ပြုံးချိချိနှင့် စိတ်ဝင်စားသွားမည်ထင်သည်။)


ကျွန်ုပ်၏ လမ်းလျှောက်ဟန်မှာ “စတိုင်ကျကျ မော်ဒယ်ဘွိုင်းကဲ့သို့” ဟု မပြောလိုပေ။ အမှန်အတိုင်း ပြောရလျှင် ကျွန်ုပ်လည်း ခြေနှစ်ချောင်းသာပါ၍ သူလိုကိုယ်လိုသာ ဘယ်တစ်လှမ်း ညာတစ်လှမ်း လှမ်းနေသည်။ ရံဖန်ရံခါ မြောက်ကြွကြွ၊ ကားရားကားရား။ ရံဖန်ရံခါ ခုန်ဆွဆွ၊ ထော့နင့်နင့်။ ရံဖန်ရံခါ ကုပ်ချောင်းချောင်း။ ရေချိန်ကိုက်လျှင် ဒယီးဒယိုင်၊ ဟတ်ထိုးဟတ်ထိုး၊ လေးဖက်ထောက်၊ ဝမ်းလျားထိုး။ တခါတရံ တွေ့ကရာ ကန်၍ စသော လျှောက်ဟန်များ အလျင်းသင့်သလို လျှောက်တတ်သည်။ ဘယ်ခြေ လှမ်း ဘယ်လက်လွှဲ၊ ညာခြေ လှမ်း ညာလက်လွှဲသော ကိုးရိုးကားရား ပုံမျိုးတော့ မလျှောက်တတ်ပေ။ သေချာသည်မှာ ကျွန်ုပ် လှုပ်စရာ မရှိ၍ လှုပ်လီလှုပ်လဲ့တော့ မလျှောက်ရိုး အမှန်ပင်။

အတည်ပြောလျှင် ကျွန်ုပ်အနေဖြင့် မူပိုင်လျှောက်ဟန် ထူးထူးခြားခြား မရှိသော်လည်း သွားနေသော လမ်းကြောင့် ခြေလှမ်းပျက်ရသည်များ၊ ခလုပ်တိုက်ရသည်များ၊ ခြေချော်လက်ချော် ဖြစ်ရသည်များတော့ ကြုံတွေ့ရသည်။ ထိုသို့ ကြုံတွေရခြင်းမှာလည်း အဆန်းတော့ မဟုတ်ပေ။ ကျွန်ုပ်တို့ လျှောက်လှမ်းနေကြသော ဘဝခရီးလမ်း ဆိုသည်မှာ တစ်ခရီးထဲ ဖြစ်၍ လူတိုင်းကြုံတွေ့နေရသလို ကျွန်ုပ်လည်း ကြုံတွေ့နေရခြင်းပင်ဖြစ်သည်။

အသေအချာ ပြန်တွေးကြည့်လျှင် ကျွန်ုပ်တို့ အားလုံးသည် လမ်းစလျှောက်တတ်စ ကလေးငယ်လို လဲလိုက် ပြန်ထလိုက်နှင့် ကိုယ့်အားကိုယ်ကိုးနေကြရသည်။ ရှေ့လှမ်းမလိုလိုနှင့် ခြေလှမ်းက နောက်ပြန်ရောက်တတ်သော အရက်သမား တစ်ယောက်လိုလည်း ဒယီးဒယိုင် ခြေလမ်းများ မှားကြသည်။ တစ်ခါတလေ ဘယ်ခြေ ညာခြေ ခလုပ်တိုက်၍ မှောက်လျက် လဲကြသည်။ တခါတလေ အတက်လမ်းတွင် လေးဖက်ထောက်၍ သွားကြရသည်။ အဆင်းလမ်းတွင် ခြေချော်လဲရသည်လည်းရှိသည်။ တခါတလေ မျက်မမြင်တစ်ယောက်လို စမ်းတဝါးဝါးနှင့် လမ်းပျောက်နေတတ်သည်။ တခါတလေ ကြိုးတန်းပေါ် လျှောက်နေသလို ဟန်ချက်ညီအောင် စွန့်စားနေရသည်။ တခါတလေ ချောက်ကမ်းပါးနား လျှောက်နေသလို သည်းထိတ်ရင်ဖို ဆန်လှသည်။

ထိုသို့ ပုံသဏ္ဍာန် အမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုးနှင့် လျှောက်နေကြ၊ သွားနေကြသူများတွင် လက်တွဲဖေးကူတတ်သူများ ရှိသလို အတ္တကြီးစွာ တွန်းတိုက်တိုးဝှေ့ သွားသူများလည်း ရှိသည်။ ကျွန်ုပ်တို့ တစ်ခရီးထဲ သွားနေကြသော ခရီးသွားဖော်ချင်းအတူတူ တစ်ဦးနှင့်တစ်ဦး မေတ္တာမထား ရန်သူများလို ကိုက်ရင်းဖဲ့ရင်း သွားနေကြခြင်းမှာ စိတ်ပျက်စရာ ကောင်းလှသည်။ ကျွန်ုပ်တို့၏ လျှောက်ပုံလျှောက်ဟန်များ ပုံစံမတူ ကွဲပြားတတ်ကြသော်လည်း သွားနည်းသွားဟန်များ သရုပ်မှန်ရန် လိုအပ်နေသည်။

ကျွန်ုပ်တို့ လျှောက်လှမ်းနေကြသော ခြေလှမ်းတိုင်း၏ ဦးတည်ရာသည် “သေဆုံးခြင်း” ဆိုသော သိပ်မဝေးလှသည့် ပန်းတိုင်တစ်ခု ဖြစ်ကြောင်း သတိချပ်၍ များနေသော အတ္တများ လျော့၍ မှားနေသော ခြေလှမ်းများ ပြင်ရပေတော့မည်...။

(ကိုရင်နော်)

မှတ်ချက်။ ။ ရည်းစားများကြောင်း လူအထင်ကြီးအောင် ကြွားရေးထားသည်များအား မသိချင်ယောင်ဆောင်၍သာ ဖတ်ပေးကြပါကုန်။ အမှန်မှာ ဂေါ်မစွံ အသိုးကြီးဖြစ်ကြောင်း ဝန်ခံပါသည်။ (ကျွန်ုပ် ဝန်မခံလျှင် ဖွမည့်သူများရှိ၍ ဝန်ခံလိုက်ခြင်း ဖြစ်သည်။)  
ခင်လေးငယ်၏ လမ်းလျှောက်ဟန်အား ရေးပြလိုသော်လည်း စာဖတ်သူတို့ လွန်စွာ စိတ်ပျက် အံ့သြ သနားဂရုဏာသက်ကြမည်စိုး၍ ချန်လှပ်ထားခဲ့ပါသည်။

သရုပ်မှန်ပိုစ့်များ။       ။ အိပ်နည်းယောင်နည်းစားနည်းသေနည်း


Monday, April 19, 2010

ကျွန်မ၏ နေ့လယ်တစ်ခင်း

ကိုယ့်အတွက် အင်မတိ အင်မတန် ထူးထူးခြားခြားနဲ့ အားအားယားယား ရှိနေတဲ့ နေ့ခင်းလေးဖြစ်ပါတယ်..။ တောင်ကြည့် မြောက်ကြည့် ဟိုဝင်ဒီထွက် ထိုင်လိုက်ထလိုက် ကွန်ပြူတာဖွင့်လိုက် ရီစတတ်လိုက် ရေသောက်လိုက် ရေချိုးခန်း ဝင်လိုက်နဲ့ တောင်လုပ်မြောက်လုပ် ဘဝကနေ ပြောင်းလဲကုန်တဲ့ မိုးခပ်အုံ့အုံ့ နေ့လယ်တစ်ခင်း ဆိုလည်း မမှားပါဘူး..။ ဒီလိုနဲ့ ထိုင်ခြင်းထခြင်း ဖွင့်ခြင်းပိတ်ခြင်းတွေ ပတ်လည်ရိုက်ပြီး သကာလ စာရေးမယ် စိတ်ကူးရင်း ကွန်ပြူတာ အဖုံးကိုဖွင့် ဟီတာက အပူချိန်ကိုမြှင့်လို့ နေရာမှာ အပီမှီကာ အာရုံကိုယူ လိုက်တယ် ဆိုပါတော့...။ ကျွန်မတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လို့ ကိုယ့်ကိုကိုယ် ဘဝင်တွေခွေ့နေတုန်းပေါ့.... အဲ... ဘာစဖြစ်တယ်ထင်လဲ...!!

ကျွန်မနေထိုင်ရာ အရပ်ဒေသမှာ အလွန့်အလွန် ရှားပါးလွန်းသော အကောင်တမျိုးက ကျွန်မအခန်းမှာ တဝီဝီနဲ့ ဟာမိုနီကာတွေ လာကျင့်နေပါလေရဲ့..။ ဒီလောက်တံခါးတွေ အထပ်ထပ်ပိတ်ပြီး လုံခြုံမှုရှိနေတဲ့ ကိုယ့်အိပ်ခန်းလေးကို နည်းနည်းတော့ ငြိုငြင်သွားမိတာ အမှန်ပါ..။ ကိုယ်တိုင် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တုန်းက သတိမထားမိခဲ့တဲ့ ဒင်းက အသံကုန်မြှင့်လို့ အတက်အကျ အဆွဲအငင် မှန်မှန်နဲ့ သူ့ဗိုကယ်လ် ထရိန်နင်သူ ဆက်ယူနေဟန် တူပါတယ်..။ တင်းကနဲ ဖြစ်သွားတဲ့ စိတ်နဲ့ ရေးမယ်ကြံထားတဲ့ အနုအရွလေးတွေက ကြက်ပျံငှက်ပျံ ထွက်ပြေးသွားကြရော ဆိုပါတော့..။ ဒင်းမျက်လုံးတွေကို တည့်တည့်ကြီး ဂြိုလ်ကြည့်ရှိုးဖို့ လိုက်ရှာတာနဲ့တင် မသောက်ပါပဲ ခေါင်းတွေစမူး လာတာပေါ့..။ အဲ့လိုနဲ့ ကျွန်မရဲ့ ရှားပါးနေ့လည်လေးဟာ မျက်မှောင်ကြုတ်ရင်း အသွင်တွေ ပြောင်းလာတယ်..။

ငြိမ်ငြိမ်နေဖို့ ကံပါမလာတဲ့ ခြင်ဆိုတဲ့ သတ္တဝါက ကမ္ဘာဦးအစမှာ ဘယ်လို ပေါ်ပေါက်လာလည်းဆိုတာ ခေါင်းထဲရောက်လာရော...။ အသံတွေသာကြားနေရပြီး ထင်ထင်ရှားရှား ကိုယ်ထင်မပြပဲ သရဲတကောင်နဲ့ တူနေတဲ့ ဒင်းကြောင့် ဒေါသက ငယ်ထိပ်ရောက်နေပြီ...။ ဒီလိုယှဉ်ပြလို့ သရဲကိုတွေ့ဖူးသလား မမေးပါနဲ့ ဘုရားစူး မတွေ့ဖူးပါဘူး.. ကြုံလည်း မကြုံဖူးတာပါ..။ သူများတွေ ပြောတဲ့ ကြားဖူးနားဝလေးနဲ့ နှိုင်းပြောတဲ့ သဘောလောက်ပါ..။ ထားပါလေ... ကျွန်မကလည်း ကလေးဘဝက လက်သွက်လွန်းလို့ ကိုယ့်မိသားစုမှာ ခြင်ဖမ်းချန်ပီယံ ရထားဖူးသူ မဟုတ်လား..!! လာစမ်းပါစေ.. ဒီနိုင်ငံက ခြင်ဆိုတာ ကျွန်မတို့မွေးရပ်မြေက ခြင်တွေလောက် ခြင်ပီသခွင့်ရပြီး ပါးရည်နားရည်နပ်လို့ ခြင်လည်ကျ တတ်လောက်မယ် မထင်ပါဘူး.။ အို... ဒင်းလောက်တော့ အေးဆေးပေါ့.. အသေးအဖွဲပါ။ ကိုယ့်မာနနဲ့ကိုယ် စိတ်လေးကို ဟန်ဆောင်လျှော့ချပြီး ဒီကောင်ကိုယ့်အနား ရောက်အလာကို မိန့်မိန့်ကြီး စောင့်နေလိုက်တယ်..။

အမယ် ကြာကြာမစောင့်လိုက်ရပါဘူး... ဘသားချောက ကီးဘုတ်ပေါ်မှာ တင်ထားတဲ့ ညာလက်ဖမိုးနားကို ပေစောင်းစောင်းနဲ့ ရောက်လာတယ်..။ သူကလည်း အလာသား.. ကိုယ့်လက်ပေါ်မှာ နားပြီး ကိုယ့်သွေးကို စုပ်ယူဖို့ကို မသိမသာ အကဲခတ်ရင်း ဝေ့ကာဝိုက်ကာနဲ့ ပျံပုံပျံနည်း အမျိုးမျိုးနဲ့ ပဲတွေများလို့ ကိုယ်ဟန်တွေ  ပြပြီး ကိုယ့်လက်အခြေအနေကို လေ့လာနေလိုက်တာ ဘယ်လောက် အသဲယားဖို့ကောင်းလဲ..။ အူယားလာတဲ့ စိတ်တွေကို မျိုချပြီး အသက်ဝဝမရှူပဲ စောင့်နေလိုက်တယ်..။ ဒင်းအသံတိတ်သွားပြီ...။ ကိုယ့်လက်ပေါ် သူလာနားပြီ.. ကျွန်မအောင့်ပြီး ဆက်ငြိမ်နေလိုက်တယ်..။ ဒီကောင် ဘာစိတ်ကူး ပေါက်သွားတယ်မသိ.. သူ့နှုတ်သီးကို ကိုယ့်အရည်ပြားပေါ် စိုက်မချလိုက်ပဲ ရုတ်ကနဲ ထပျံပြေးလို့ ကီးပေါင်းစုံနဲ့ နိမ့်မြင့်တက်ကျ ဗိုကယ်လ်တွေ ထပ်ကျင့်ရင်း  ကျွန်မကို ချက်ကင်းတွေ လိုက်နေပြန်ပြီ...။ ထပြီးလိုက်ဖမ်းမယ် မထင်နဲ့နော်.. ထစရာလား..!! ဟွန်း.. ပျင်းတောင်ပျင်းသေးတယ်..။ နင်ငါ့ဆီ ပြန်လာမှာ ငါသိနေတာပဲ လို့ စိတ်ထဲက ပြောရင်း ရုပ်တည်ကြီးနဲ့ နေလိုက်တာပေါ့..။

အံကိုကြိတ်ပြီး တံတွေးကို အသံမမြည်အောင် မျိုချရင်း.. စိတ်တော့ နည်းနည်းထပ်ရှည်ပေး ရဦးမှာပေါ့..။ ဒီတစ်ခေါက်တော့ ဒင်းက တိကနဲ အသံကိုဖြတ်လို့ ရုတ်ကနဲ ဘာမပြော ညာမပြော စွေ့ကနဲ လက်ဖမိုးပေါ် တက်ရပ်လိုက်တယ်.. စက္ကန့်ပိုင်းလေးပါပဲ ဒင်းနှုတ်သီး စအစိုက်မှာပဲ “ဖြန်း” ကနဲ.. အဟက်..!!  ဘယ်ရမလဲ တစ်ချက်ဆိုမှ တချက်တည်းပါ.. သွားလေရော့.. သနားဖို့ စိတ်တောင် မကူးလိုက်မိခင်မှာပဲ ဒင်းခမျာ အတုံးအရုံး ကျဆုံးရှာပေါ့..။  ခံနိုင်ရိုးလား.. ဒါတောင် ဒီကောင့်ကို ကစ်လိုက်တာ ဘယ်လက်နဲ့နော်.. ။ ကျွန်မ ဘယ်ကျော်မဟုတ်ပါဘူး ညာကျော်သမားပါ..။ အသက်သာကြီးလာပေမယ့် လေ့ကျင့်မှု မရှိတော့ပါပဲ ကျ မသွားတဲ့ ကိုယ့်လက်ရည်ကို ကိုယ် သဘောတွေတွေ့လို့..။ စိတ်ထဲကတော့ ခုမှ တိတ်တိတ်လေး ကြိတ်ပြီး တောင်းပန်မိသေးတယ်.. ဆောရီးပါ ခြင်လေးရယ်ပေါ့..။  ရန်တော့အေးသွားပြီ.. စိတ်မကောင်းစွာနဲ့ပဲ ကျွန်မ လက်ထဆေးလိုက်တယ်..။ လက်ဆေးအပြီး Hand Cream မွှေးမွှေးလေးတောင် လိမ်းလိုက်သေး..။ ကဲ... အတွေးနုနု လှလှလေးတွေနဲ့ စာပြန်ရေးတော့မယ် လုပ်တုန်းပဲ...။

နားမခံသာလောက်အောင် တဝေါဝေါနဲ့ အသံတွေပေးပြီး မောင်းလာတဲ့ မီးသတ်ကားသံတွေ...။ ဘုရား ဘုရား..!! ကိုယ်တို့ တိုက်ခန်းနားမှာ မီးတွေများ ထလောင်နေပလား မသိ...။ ကိုယ်နေတာက ငါးလွှာက တိုက်ခန်း.. ကိုယ့်အိပ်ခန်းက မှန်တံခါးကနေထွက်မှ ဝရံတာ..။ ကြောက်စိတ်နဲ့ လန့်ဖြန့်ပြီး စပ်စုဖို့ ဝရံတာ ထွက်ရပ်လိုက်တယ်..။ စိမ့်အေးနေတဲ့ အော်ရီဂျင်နယ် ရာသီဥတု အေးစက်စက်ကြီးက ကိုယ့်အနွေးထည် ခပ်ပါးပါးကို မခန့်လေးစားပေါ့..။ ဆူညံနေတဲ့ တဝေါဝေါသံတွေရယ်... ခဏလေးနဲ့ တခိုက်ခိုက်တုန် ချမ်းလာတဲ့ ခန္ဓာရယ်... ကြောက်စိတ်တွေရယ်နဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ..။ မီးသတ်ကားတွေ ငါးစင်းလောက် ရပ်ထားတာက ကျွန်မတိုက်ခန်းရဲ့ သုံးတိုက်ကျော်လောက်မှာ... ရဲကားတွေလည်း ထပ်ရောက်လာပြန်ပြီ...။ ခြေမကိုင်မိ လက်မကိုင်မိ..  အိပ်ခန်းထဲ ပြန်ဝင်ပြီး အနွေးထည် ထူထူဝတ် ပြန်ထွက်.. ကြာကြာရပ်ကြည့် နိုင်ဖို့ကလည်း ထပ်မဝတ်လို့ မရ...။

တစ်ယောက်ထည်း ကြောက်လည်းကြောက် ချမ်းကလည်းချမ်းနဲ့ အလုပ်တွေရှုပ် စိတ်တွေရှုပ် နားတွေကအူပေါ့..။ ခဏနေတော့ ရဲကားလော်စပီကက စကားပြောသံတွေ ထွက်လာတယ်..။ ဝေဝေဝါးဝါးမို့ သေချာနားကို စွင့်ပြီးနားထောင်မှ တောင်းပန်သံတွေပါ..။ လူတစ်ယောက်ကို နားချနေတဲ့ အသံတွေပါပဲ..။ ကျွန်မတိုက်ခန်းရဲ့ သုံးတိုက်ကျော်တိုက်က ရှစ်ထပ်လောက်ပဲ မြင့်တဲ့တိုက်ပါ..။ အော်ပြောနေတဲ့ ရဲတွေ မော့ကြည့်နေတာကလည်း အဲ့ဒီတိုက်ရဲ့ ခေါင်မိုးပေါ်ကို..။ သေချာပါပြီ နေရင်းထိုင်ရင်း တယောက်ယောက်က ခုန်ချဖို့ ကြိုးစားနေပြီဆိုတာ..။ ဒါဆို မီးသတ်ကားတွေကကော.. ဘာလို့...!! စဉ်းစားနေရင်း သတိရသွားတာက ဖုန်းဆက်ဖို့ကိုပါ..။ အခင်းဖြစ်နေတဲ့တိုက်ရဲ့ ရှေ့တိုက်မှာ ကျွန်မသူငယ်ချင်း လင်မယားနေတာ မေ့နေလိုက်တာ..။ ကျွန်မသူငယ်ချင်းရဲ့ လက်ကိုင်ဖုန်းကို ခေါ်လိုက်တယ်ဆိုရင်ပဲ ဆူညံသံတွေနဲ့ အော်ပြောနေတဲ့ သူ့အသံက ရဲကားတွေနားက လမ်းပေါ်ကပဲ ဆိုတာ မှန်းလိုက်မိပြီးသား..။

သူက ကိုယ်ဝန်ကြီးနဲ့ရယ်.. ဒါတောင် မြန်လိုက်တာ လမ်းမပေါ် တောင်ရောက်နေပြီ..။ ဖုန်းထဲက ကိုယ့်အသံတွေ ကြားနိုင်ဖို့တောင် သူ့မှာအနိုင်နိုင်ဖြစ်မယ်..။ ခပ်လှမ်းလှမ်းကို လျှောက်လိုက်ဖို့  ကျွန်မအော်ပြောမှ “အေး... ခဏစောင့်” တဲ့... သူ့အသံကတော့ သိပ်ကြောက်လန့် နေဟန်မရှိဘူး.. ခပ်အေးအေးပါပဲ..။ ဘာဖြစ်တာလဲ ဆိုတာ သူငယ်ချင်းဆီမှာ စနည်းနာလိုက်တော့မှ... သက်ပြင်းကော သက်မပါချပြီး အဲဒီလူကို စိတ်ထဲကနေ ကျိန်ဆဲချင်ချင် ဖြစ်သွားတာ ကျွန်မ မညာပါဘူး..။ နောက်ဆုံး ကောက်ချက်ချမိတဲ့ အကျဉ်းချုံးကတော့ အမူးသမားတစ်ယောက် အရက်မူးပြီး တိုက်ခေါင်မိုးပေါ် တက်ပါသည်..။ အရက်ပုလင်းကိုင်ကာ သောက်ရင်း သူ့အိမ်မှာရှိတဲ့ ခြုံစောင်တွေ ယူသွားပြီး  တိုက်ခေါင်မိုးပေါ်ထိုင်ကာ စိမ်ပြေနပြေ မီးရှို့ပါသည်...။ လက်ကိုင်ဖုန်းကို ကိုယ်တိုင်ယူသွားကာ မီးလောင်နေပြီဟု မီးသတ်ဌာနကို ဖုန်းဆက်ခေါ်ပါသည်..။ မီးသတ်ကားများ ရောက်လာသော် မူးမူးနှင့် ခုန်ချမည်ဟု ကြိမ်းပါသည်..။ ရဲများပြာယာခတ်နေသည်ကို အပေါ်မှ ငုံ့ကြည့်ရင်း အော်ရယ်သေးသည်..။ တကယ်တမ်းတော့ ထိုလူ ဟန်ရေးပြရုံသာ ခုန်မချခဲ့ပါ.။  ဂလို ဂလိုပင် ဖြစ်လေ၏..။

တိုက်ခေါင်မိုးပေါ်အထိ လိုက်တက်သွားကြတဲ့ မီးသတ်များနဲ့ ရဲအချို့ စိတ်ထဲမှာတော့ ဘယ်လိုရှိနေမယ် မသိ..။ ဖြစ်ကြောင်းကုန်စင် ကြားရတဲ့ ကျွန်မ ကျိမ်ဆဲချင်စိတ် ပေါက်တာတောင် အတော်လေး နုနေဦးမှာ..။ ခက်လိုက်တဲ့ လူတွေပါလားနော်..။ ဘယ်လိုအတွေးတွေပါလိမ့်..!! မူးသာမူးတာ အဖမ်းခံရပြီး နံမည်က ကျော်ချင်သေးပါတကား..။ သူငယ်ချင်းလည်း သူ့တိုက်ပေါ် ပြန်တက်သွားပြီ...။ အေးစက်နေတဲ့ ကိုယ့်လက်ဖျားလေးတွေကိုတောင် ခုမှ သနားရကောင်းမှန်း သတိရကာ ကျွန်မလည်း စိတ်တိုတိုနဲ့ အခန်းထဲ ပြန်ဝင်ခဲ့ပါတယ်..။ မိုးကအေးအေး.. ရာသီကချမ်းချမ်းတုန်.. ခြင်ကတမျိုး.. အမူးသမားကတဖုံ..  သူတို့ကြောင့် ကျွန်မရဲ့ ရှားပါး နေ့လယ်ခင်းလေးလည်း ပျက်သုန်းလို့..။ အကြင်နာတွေနဲ့ အသာအယာရေးမဲ့ စာသား အနုအရွလေးတွေလည်း အသံပေါင်းစုံနဲ့ အတူ ကိုယ့်ကို ဘိုင့် ဘိုင်းး သွားကြပြီ..။

နေ့အချိန်တွေ ကုန်လွန်လို့ ညနေခင်းလည်းရောက်ခဲ့ပေါ့...။ ဖြစ်ကြောင်းရယ် ကုန်စင်ပြီးသကာလ တင်းနေတဲ့ ကိုယ့်မျက်နှာကြော ကိုယ်ပြန်လျှော့... ရေတစ်ခွက်ကို မော့သောက်.. ဆာနေတဲ့ ဗိုက်ကိုဖြည့်ဖို့ လျစ်လျူရှု.. ကွန်ပြူတာကို ရှပ်ဒေါင်း... ကုတင်ပေါ်တက်.. စောင်ကိုခေါင်းမြီးခြုံ... နားနှစ်ဖက်ကိုပိတ်... အိပ်စက်ခြင်းသည်သာ အကောင်းဆုံးဖြစ်တော့မည်..။ ဒါတောင် ကိုယ်တိုင် အပြစ်တင်ချင်နေမိ သလိုလို သနားနေမိ သလိုလိုတွေက ဖြစ်မိနေသေး...။ အေးအေးလူလူနဲ့ စာရေးဖို့ ဘာညာမတွေးတောပဲ အစကတည်းက ဘာမီတွန်လေးသောက် စောင်ထူထူလေးခြုံပြီး ဇိမ်လေးနဲ့ အိပ်ခဲ့မိရင် အကောင်းသား...။ အို... တော်ပါလေ ခုမှ နောင်တရနေလည်း အပိုပဲပေါ့..။ ဒီတော့ ဖြစ်သမျှအကြောင်း အကောင်းရယ်လို့ မှတ်ယူရင်း မျက်လုံးကို စုံမှိတ်အိပ်ကာ နားအေးပါးအေး အိပ်မက် ချိုအေးမွှေးလေးမက်လို့ လှပစေဖို့ ဆုတောင်းရုံသာ ရှိလေတော့၏..........။

(ခင်လေးငယ်)

ဝန်ခံချက်..။။ စာမရေး ပို့စ်တွေထွက်မလာလို့ အပြစ်ဖို့နေကြသူ ဘော်ဘော်အပေါင်းအား ဤသို့သော ကျွန်မ၏ အဖြစ်မှန်များအား ရေးထုတ်ချပြခြင်းအားဖြင့် မုချပင် နားလည်ခွင့်လွှတ် ကြပါလိမ့်မည်..။ ခွင့်လွှတ်ပေးရုံတင်မကပဲ ကျွန်မခင်လေးငယ်လေးအား သနား၍ပေ နေကြမည်ကိုလည်း ရင်မှ အလိုလိုသိနေပါကြောင်း..။။
 

Friday, April 16, 2010

ဝမ်းနည်းကြေကွဲခြင်း


(၁၅-၄-၂၀၁၀) သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုတွင် အပြစ်မဲ့ပြည်သူအချို့ သေဆုံးသွားရခြင်းအတွက်

ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရပါသည်။

ထိုသို့ လူမဆန်သော ယုတ်မာရိုင်းစိုင်း ရက်စက်မှုအား စက်ဆုပ်ရွံရှာစွာ ရှုတ်ချပါသည်။

အသက်ဆုံးရှုံးသွားသူများ ကောင်းရာဘုံဘဝ ရောက်ကြပါစေ။

(ကိုရင်နော်ခင်လေးငယ်)

Monday, April 12, 2010

ပိတောက်အိုအို ပျိုချိန်တုန်းက

မိုးရိပ်တွေသမ်းနေတဲ့ သင်္ကြန်အကျနေ့ရဲ့ နံနက်ခင်းတစ်ခုကို DJ ပွတ်သံတွေနဲ့ ခပ်ပြင်းပြင်း လှုပ်နိုးလိုက်တော့ အိပ်ပျော်နေတဲ့ ပိတောက်ပင်အိုကြီး လန့်ကာ ဖြန့်ကာ နားနှစ်ဖက်ကို ပိတ်ထားလိုက်တော့တယ်။

“အလိုလေလေ နံနက်လင်းမယ် မကြံသေးဘူး ဆူညံသံတွေက စ နေပါပေါ့လား..”

ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိတော့ လမ်းမကြီးပေါ်မှာ ကားတွေ တတီတီနဲ့။ လမ်းဘေး ဝဲယာမှာလည်း ကြော်ငြာမဏ္ဍပ်ကြီးတွေ ဟီးလို့။ ရေပက်မယ့် မဏ္ဍပ်ပေါက်စလေးတွေကလည်း ဘေးချင်းကပ်၊ မှက်နှာချင်းဆိုင်၊ မျက်စောင်းထိုး၊ ဖင်ချင်းပေါက် ပြွပ်သိပ်လို့..။ စင်ပေါ်မှာလည်း ခုန်ပေါက်သီဆိုကြတော့မယ့် ခေတ်လွန် ကလေးငယ်တွေ.. လန်လို့ ပျံလို့။ DJ အသွားနဲ့ Hip Hop သီချင်းသံတွေက စစ်ပွဲတစ်ခု ကျင်းပတော့မလိုလို တဝုန်းဝုန်းနဲ့။ လမ်းတဖက် ခပ်လှမ်းလှမ်းမှာ ယိမ်းထိုး မြူးကြွနေတာကတော့ မနေ့တနေ့ကမှ အရွယ်ရောက်လာတဲ့ ပိတောက်ပင်ပျို..။

ပိတောက်ပင်ပျိုရဲ့ ခပ်လန်လန်ဒီဇိုင်းက အပီကဲတော့မယ့်ပုံ။ လေအဝေ့မှာ ယိမ်းကာ နွဲ့ကာနဲ့ ခုန်တော့မလို ပေါက်တော့မလို မြူးကြွနေတယ်။ ပိတောက်ပင်အိုကြီးက ပိတောက်ပင်ပျိုလေးကို ကြည့်ရင်း သက်ပြင်းချကာ “ဒီ ပိတောက်ပင်လေး သင်္ကြန်ရဲ့ အနှစ်သာရအမှန်တွေကို မသိရှာပါလား” လို့ တွေးနေမိတော့တယ်။

အဲ့ဒီလို တွေးနေတုန်းမှာပဲ ပိတောက်ပင်ပျိုလေးက လမ်းတဖက်ကနေ လှမ်းပြီးနှုတ်ဆက် လာပါတော့တယ်..

“Yo.. Yo... ဖိုးဖိုးပိတောက်ပင်ကြီး... မောနင်းဗျာ ဟက်ပီးသင်္ကြန်..”
“ဟေ.. အေ့.. ပိတောက်ပင်လေး... မင်္ဂလာနံနက်ခင်းပါကွယ်..”

“ဖိုးဖိုးပိတောက်ကြီးရေ ဒီလမ်းက ခါတိုင်းနှစ်ထက် စည်မယ့် အထာပဲဗျ.. မဏ္ဍပ်တွေကလည်း ရေလည် လန်းတယ်.. DJ တွေကလည်း ဆွဲသလား မမေးနဲ့.. ခဏနေဆို Rapper တွေ အပီဖြဲတော့မယ်..”

ပိတောက်ပင်အိုကြီးက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း..
“ပိတောက်ပင်လေးရယ်.. ဖိုးဖိုးတော့ မနေတတ်ပါဘူးကွာ နားတွေလည်း ငြီး.. မျက်စေ့တွေလည်း ရှုပ်ပါတယ်.. ခေါင်းတွေလည်း ကိုက်လာတယ်.. ဒီအသံတွေ နားမယဉ်ပါဘူးကွာ.. သင်္ကြန်ဒိုးလေးနဲ့ မြန်မာဆန်ဆန် သင်္ကြန်တွေကိုပဲ သတိရမိတယ်..”

“ဖိုးဖိုးကြီးကလည်းဗျာ Date Out လိုက်တာ.. သင်္ကြန်ဆိုတာ ဒီလို မြူနေမှ မိုက်တာပေါ့ဗျ..”

“ပိတောက်လေးရယ်.. မင်းက ရှေးက သင်္ကြန်တွေကို မီမှ မမီခဲ့တာ.. မင်းတို့ DJ တွေ မြူးတာလောက်တော့ သင်္ကြန်ဒိုးက ထိုင် (ရီ) ရယ်တယ်ကွ.. ဒို့ ဒိုးသံကြားရင်ကို ဘယ်သူမဆို အလိုလို ယိမ်းကွက် လိုက်ကပြီးသားပဲ.. စည်းချက်ညီညီ လက်ခုပ်လိုက်ပြီးသားပဲကွ.. မင်းတို့ အသံတွေကတော့ ကြားတာနဲ့ နားကွဲမတတ်ပဲ.. ဖိုးဖိုးကတော့ သင်္ကြန်မှာ ဒီအသံတွေ လွှမ်းမိုးလာတာ ကြိုက်ကို မကြိုက်ဘူး..”

“ဖိုးဖိုးကြီး.. ဝေးသွားပြီဗျာ အဝေးကြီးမှာ ကျန်ခဲ့ပြီ.. အသစ်ဗျ ဒါတွေက အသစ်တွေ..”
ပိတောက်ပင်ပျိုလေးက ပြောပြောဆိုဆိုနဲ့ ဦးထုပ်ကို ပြောင်းပြန်လည့် နောက်ပြန်စောင်းရင်း တစ်ပင်လုံး ရမ်းခါသွားအောင် လှုပ်ရမ်းနေတော့တယ်..။

အချိန်ကလည်း နေပွင့်လာပြီမို့ သင်္ကြန်ပျော်တွေ ကားကိုယ်စီနဲ့ ရောက်လာလိုက်ကြတာ လမ်းတစ်ခုလုံး ပြည့်သိပ်သွားတဲ့ အထိပါပဲ..။ ကားတန်းကြီးနဲ့ ခေတ်ဆန်ဆန် လူသားတွေ အော်သံ ဟစ်သံတွေ ဆူညံစွာ အသက်ဝင်လာတယ်။
ပိတောက်ပင်အိုကြီး အတွက်တော့ ခုခေတ်သင်္ကြန်ဆိုတာ ငရုပ်သီး ထည့်ထားတဲ့ မုံ့လုံးရေပေါ်လို စပ်ဖျဉ်းဖျဉ်း..

ရောင်စုံကြော်ငြာ မဏ္ဍပ်သေးသေး တွေကလည်း ရေပက်မလို့တဲ့ ရေလာဖို့ စောင့်နေကြတာ ပိုက်တန်းလန်းနဲ့..။ မဏ္ဍပ် တစ်ခုနဲ့ တစ်ခုကတော့ ငါးစိမ်းသည်မ နှစ်ယောက် အပြန်အလှန် ရန်ဖြစ်နေသလို သူအော် ငါအော်နဲ့ Rap သီချင်းတွေ အပြိုင်ကို အော်နေကြတော့တယ်..။ တပ်ဆင်ထားတဲ့ စက်တွေကလည်း မနည်းမနော.. အသံတွေကလည်း ဆူညံပေါက်ကွဲလို့..။ Rapper တွေ ဆိုနေတဲ့ သီချင်းတွေကလည်း သင်္ကြန်နဲ့ မဆိုင်တဲ့ ဝူးဝူးဝါးဝါး အော်သံတွေ.. မပီမသ ဆဲသံတွေ..။ စတိုင်ခပ်ရိုင်းရိုင်းနဲ့ ရန်ဖြစ်နေသလိုလို..။ သတ်တော့မလို ဖြတ်တော့မလို..။

“တွေ့လားကွ ပိတောက်ပင်လေး ဟိုစင်ပေါ်မှာ မင်းပြောတဲ့ Rapper တွေဆိုလား ဘာဆိုလား.. ခုန်ပေါက် အော်ဟစ်နေကြတာ လူရိုင်းတွေလိုလိုပဲ မြန်မာယဉ်ကျေးမှုနဲ့ မညီတော့ပါလား..”

“ဖိုးဖိုးကြီးကလည်း မြန်မာဆန်ဖို့ မလိုတော့ဘူးလေဗျာ ကမ္ဘာဆန်ဖို့ လိုနေပြီဗျ.. ဂလိုဗယ်လိုက်ဇေးရှင်းဆိုတာ ဖိုးဖိုးကြီး မကြာဖူးဘူးထင်တယ်..”

“ဟ.. ကလေးရ... မြန်မာ မဆန်တော့ရင် တဖြည်းဖြည်းနဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာ ပျောက်သွားမှာပေါ့ကွ.. ကိုယ့် ယဉ်ကျေးမှု ကိုယ့်ဖာသာ ထိန်းမှ ရမှာကွ.. ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်မယ်ဆိုလား ဘာဆိုလား ကြားဖူးတာပဲ.. ခုတော့ ကိုယ့်အလှ ကိုယ်ဖျက်နေကြတာ.. အားလုံး ဖျက်စီးနေကြတာပဲ.. ဒို့ မြို့မငြိမ်း သီချင်းလည်း ကြည့်လေ ဒီကောင်တွေ လုပ်မှ မူရင်း အရသာပျက်ကုန်တယ်.. သင်္ကြန်သီချင်းမှ ဟုတ်ရဲ့လားလို့ မနည်းကို နားထောင်နေရတယ်ကွာ.. ဆရာငြိမ်းများ ပြန်ကြားရင် နားရင်းထရိုက်ချင်မလား မသိ..”

“ဖိုးဖိုးကြီး.. မလုပ်နဲ့နော် ဒီကောင်တွေ ဆရာတွေနော်.. တော့ကီတွေက လန်ထွက်နေတာပဲ.. ဒီကောင်တွေရှေ့မှာ ကိုးယိုးကားယား သွားမလုပ်နဲ့ သီချင်းဖြစ်သွားမယ်..”

“အေးပါကွာ ယုံပါတယ်.. ပါးစပ်ထဲတွေ့ရာ ကဗျာရွတ်သလို ကာရန်လေးချိတ်ပြီး ရွတ်တာနဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ပညာက လေးစားစရာပါပဲ.. တကယ်တော့ ဒီကောင်တွေက သီချင်း မဆိုရဘူးကွ သံချပ်ထိုးသင့်တာ.. ခေတ်ကို သရော်ပြီး အဖြစ်မှန်တွေကို သံချပ်ထိုးရမှာ.. ခုတော့ကွာ အထင်ကရ ဂန္တဝင်သီချင်းတွေကို ပုံပျက်ပန်းပျက် ဖျက်လိုဖျက်စီး လုပ်တာမျိုးတွေ တွေ့ရတာတော့ စိတ်ပျက်စရာပဲ..

“ဖိုးဖိုးကြီး.. ဖိုးဖိုး မကြိုက်ရင်လည်း မဝေဖန်နဲ့ဗျာ.. ဒီကောင်တွေ ကြားရင် ဖိုးဖိုးကြီးကို ဝိုင်းဖဲ့လိမ့်မယ်.. ကျနော်ကတော့ ခိုက်တယ်ဗျာ.. ဒီကောင်တွေကို လေးစားတယ်ဗျာ... ဒီဘဲတွေ ရေလည် ဒွန်းး တယ်..”

သင်္ကြန်က အရှိန်ရလာတဲ့ အရက်သမား တစ်ယောက်လို.. မူးမူးရူးရူးနဲ့ ဆူညံနေတော့တယ်..။

“ဟေ့ဟေ့ ပိတောက်ပင်လေး ဟိုမှာ ကြည့်စမ်းကွ ချာတိတ်မလေးတွေ ကဲနေလိုက်ကြတာ.. ဆိုးပါ့ကွာ..”

“ရေ့ရေး... ယို့ယိုး... ဟုတ်တယ် ဖိုးဖိုး.. ဟိုဘက် စင်ပေါ်မှာလည်း ကောင်မလေးတွေ အများကြီးဗျ လန်းလိုက်တာ..”

“မင်း ပြောပြောနေတဲ့ “လန်းတယ်.. လန်းတယ်” ဆိုတာ ဘာလဲကွ.. ဖိုးဖိုးတွေ့တာတော့ “လန်” တော့မလိုလိုဟာတွေပဲ တွေ့ပါလား..”

“ဖိုးဖိုး ကလည်း Out ပြန်ပြီဗျာ အဲ့လို လန်တော့မလိုကိုက လန်းတာဗျာ ဟဲဟဲဟဲ..”

ပိတောက်ပင်အိုကြီးက မျက်မှန်ကို ပင့်တင်ကာ ပါးစပ်အဟောင်းသားနဲ့ အလန်းလေးတွေကို ကြည့်ရင်း..

“ဟ.. ပိတောက်ပင်လေးရ မင်းဟာက သင်္ကြန်ပွဲလုပ်မှာလား နိုက်ကလပ်တွေ စင်ပေါ် တင်လာတာလားကွ.. ဟေ.. တစ်နှစ်ထက် တစ်နှစ် ပိုပို ပျက်လာလိုက်တာ နောက်သိပ်မကြာခင် နှစ်တွေဆို အဝတ်အစားမှ ဝတ်ကြတော့ပါ့မလား..”

“ဖိုးဖိုးရာ.. ဘာလို့ ဒီနားမှာ လာပေါက်တာလဲဗျာ တကယ်ဆို ဖိုးဖိုးက ဘုန်းကြီးကျောင်းထဲမှာ ပေါက်ရမယ့် ပိတောက်ပင်ကြီး..”

“ဟကောင်ရ.. မင်းက မနေ့တစ်နေ့ကမှ ပေါက်လာတဲ့ကောင်.. ဖိုးဖိုးက ဒီနေရာမှာ နှစ်ပေါင်းများစွာရပ်နေတာကွ.. ဖိုးဖိုးက သင်္ကြန်နဲ့ ယှဉ်တွဲပြီးနေနေတာ.. သင်္ကြန်ရောက်တိုင်း ပိတောက်တွေ လှိုင်လှိုင် ပွင့်ပေးနေကျကွ.. သင်္ကြန်တွေကိုလည်း နှစ်တိုင်း တွေ့နေရတယ်.. လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာကဆို ဒီနေရာက မဏ္ဍပ်တွေက ဒီလိုမှ မဟုတ်တာကွ.. သင်္ကြန်ဒိုးတွေနဲ့ တူးပို့တူးပို့နဲ့ ယိမ်းသမတွေရဲ့ မြူးကြွတဲ့ သင်္ကြန်ယိမ်းတွေနဲ့ကွ.. ယိမ်းသမတွေကလည်း ပိတောက်ပန်းတွေနဲ့ လန်းဆန်းတက်ကြွနေကြတာကွ.. ယိမ်းသမတွေရဲ့ သင်္ကြန်ယိမ်းကလည်း ကချိုးကကွက်တွေနဲ့ မြန်မာဆန်တယ်ကွ.. ခုခေတ်လို သင်္ကြန်သီချင်း DJ ရောထားတဲ့ ဆတ်စလူးယိမ်းတွေ မဟုတ်ဘူး.. သင်္ကြန်ပျော်တွေကလည်း ယဉ်ကျေးတယ်ကွ.. အော်ဟစ်ဆဲဆိုသံတွေ မကြားရဘူးကွ.. ဝတ်စားကြတာလည်း ယဉ်ကျေးမှုနဲ့ ကိုက်ညီတယ်ကွ.. ခုခေတ်လို ဖင်ပေါ်ခေါင်းပေါ် မဟုတ်ဘူးကွ..”

“ဖိုးဖိုးပြောတဲ့ ဆပ်စလူး ယိမ်းတွေကမှ တုန်တုန်တုန်တုန်နဲ့ မိုက်တာဗျ.. ဟဲဟဲ.. ရှေးက သင်္ကြန်ကကွက်တွေက ရိုးပါပြီဗျာ မလန်းတော့ဘူး.. နောက် ကောင်မလေးတွေ ဝတ်တာတွေ ဘာညာကွိကွ ပေါ်တာတွေကလည်း နည်းနည်းပါးပါး ပေါ်မှ လန်းမှာပေါ့ဗျ.. ဒါမှလည်း သူတို့ကို လူတွေကြည့်မယ်.. စိတ်ဝင်စားမယ်လေ.. ကျနော်ကတော့ ကြုံတုန်း ရှိုးမှာပဲ..”

“ဟ.. ကြည့်စမ်းပါဦးကွ မင်းဟာလား နည်းနည်းပါးပါးပေါ်တာ... ဟိုမှာတွေ့လား ဟိုကောင်မလေးဆို စွပ်ကျယ်ပွပွ ဝတ်ထားတာ ခုန်လိုက်ရင် ထွက်ကျတော့မလိုပဲ.. ဟိုမှာလည်းတွေ့လား ဘောင်းဘီချက်ပြုတ်က ဗိုက်သား တပြင်လုံးရှင်းနေတာ.. ချက်မှာတောင် သံကွင်း တပ်ထားသေးတယ်.. ချက်ပြုတ်က ဒီထက်ထပ်ပြုတ်ရင် မတွေးရဲဘူး.. ဟိုစင်ပေါ်မှာလည်း နောက်တစ်ယောက်.. ကြည့်စမ်းကွာ.. စကပ်တိုတိုဝတ်ထားတာများ တစ်ထွာမှ ရှိရဲ့လားကွ.. ခုန်လိုက်ပေါက်လိုက်.. ကုန်းလိုက် ကွလိုက်နဲ့.. စင်အောက်ကလူတွေ ပါးစပ်အဟောင်းသား ဖြစ်ကုန်တာဆန်းလို့လား.. ကြည့်စမ်းပါဦး.. ဟိုချာတိတ်နဲ့ ဟိုကလေးမလည်း ဖက်နေ.. နမ်းနေလိုက်ကျတာ လူမြင်ကွင်းကွာ သူတို့မို့ မရှက်တယ်.. စိတ်ပျက်ပါတယ်ကွာ ခေတ်ကာလ ကလေးတွေ သင်္ကြန်ကို ဖျက်စီးနေလိုက်ကျတာ..”

“ဖိုဖိုး ကလည်းဗျာ... နားအဟောင်းကြီးနဲ့ မနားထောင်နဲ့.. မျက်စေ့ အဟောင်းကြီးနဲ့ မကြည့်နဲ့ လေဗျာ ခေတ်နဲ့အညီ မြင်လိုက်စမ်းပါ.. ကျနော်ကတော့ ခုလို သင်္ကြန်ကို ကြိုက်တယ်ဗျာ..”

“မင်းက ဒီသင်္ကြန်လောက်ပဲ မြင်ဖူးလို့ ဒီသင်္ကြန်ကိုပဲ ကြိုက်မှာပေါ့ကွ.. မင်းအရွယ် ဖိုးဖိုးခပ်ငယ်ငယ်က သင်္ကြန်မယ်တွေက ခုခေတ်လို မဟုတ်ဘူးကွ.. ဝတ်ထားတာလည်း လုံခြုံတယ်ကွ.. ဗမာအင်္ကျီရင်ဖုံးလည်ထောင်နဲ့.. ချည်လုံချည် ခပ်ထူထူနဲ့.. သနပ်ခါး ပါးကွက်နဲ့ ဆံရှည်တွေကို ကျစ်ထားတဲ့ ကျစ်ဆံမြီး ခပ်ခွေခွေ ဆံထုံးနဲ့.. နောက်.. အဲ့ဒီခေတ်တွေက မိန်းမပျိုတွေက ဒို့ ပိတောက်ပန်းတွေကို သိပ်တန်ဘိုးထားတာကွ.. ခေါင်းတစ်ခုလုံးမှာလည်း ပိတောက်ပန်းတွေ ဝေလို့ကွ.. ယဉ်ယဉ်လေးတွေကွာ မြင်သူငေးလောက်တဲ့ မဟာဆန်တဲ့ အလှမျိုးတွေကွ.. ဝတ်ထားတာ လုံခြုံတာမှ မင်းမြင်ချင်ရင်တောင် မြင်လို့ မရဘူးကွာ.. ဗိုက်သား.. ရင်သား မပြောနဲ့ လည်ပင်းသားလေးတောင် မမြင်ရဘူး.. အဲ့လောက် မြန်မာဆန်တာကွ.. ခုခေတ်လို အတင်း မမြင် မြင်အောင်.. မကြည့် ကြည့်အောင် ဖော်နေ ပြနေတာမျိုး မဟုတ်ဘူးကွ.. ခုခေတ်ကတော့ကွာ မပြောချင်တော့ပါဘူး..”

“ဖိုးဖိုးကလည်းဗျာ အဲ့လိုတွေ ဝတ်ထားရင် ဘယ်လွတ်လပ်မလဲဗျ.. သနပ်ခါးတွေ လိမ်းရင်လည်း ပျက်သွားမှာပေါ့..”

“ဒို့ အရင်က သင်္ကြန်တွေက ရိုးရာနဲ့ ညီတယ်ကွ ယဉ်ကျေးတယ်.. ရေလောင်းရင်တောင် ခွင့်တောင်းပြီးမှ လောင်းတာကွ.. သနပ်ခါး ပျက်လောက်အောင် လောင်းတာမျိုးတွေ ခပ်ရှားရှားပဲ.. ခု မင်းတို့ခေတ်များ မီးသတ်ပိုက်နဲ့ ထိုးတာတဲ့ မိန်းကလေးတွေကိုကွာ တကယ့်နေရာတွေထိုးတာ လုပ်သင့်သလား ဖြစ်သင့်သလားကွာ... နှမချင်းမစာမနာ.. ဟိုဟာမလေးတွေကလည်း မထိုးထိုးအောင် ဝတ်ထားတော့ ထိုးကြရောပေါ့..”

“ဖိုးဖိုးပြောတဲ့ ကျစ်ဆံမြီးကတော့ ခုခေတ်လည်း ကျစ်ကြတာပဲလေ.. ဟိုမှာ ကြည့်ပါလား ဟိုကောင်မလေး ကျစ်ဆံမြီး ကျစ်ထားတယ်..”
ပိတောက်ပင်ကလေးက လက်ညိုးတထိုးထိုးနဲ့ ဂျစ်ကားဘောနက်ပေါ်တက်ကာ အောက်တစ်ပိုင်းလုံး ပြုတ်ထွက်မတတ် လှုပ်ခါရမ်းနေတဲ့ နီကြောင်ကြောင် ကျစ်ဆံမြီးရှည် အလန်မလေးကို ပြပြန်တယ်..

“ဟကောင်ရ အဲ့ဒါ မြန်မာ ကျစ်ဆံမြီး မဟုတ်ဘူးကွ.. အာဖရိကအမြီးတွေ.. ဘယ့်နယ်ကွာ.. မဟူရာဆံနွယ် နက်မှောင်မှောင်ကို အရောင်တွေဆိုး.. ဖွတ်မြီးတွေ ထိုးပြီး အလှဆင်ကြတယ်လို့.. ကြည့်စမ်း.. လှုပ်နေရမ်းနေလိုက်တာလည်း တစ်ကိုယ်လုံး ပြုတ်ပျက်ထွက်တော့မလိုပဲ.. ဟိုမှာလည်းကြည့်.. ချာတိတ်တွေ ဆံပင်တွေ အရောင်ဆိုးထားတာ ထိုးထိုးထောင်ထောင်တွေနဲ့ လမ်းသရဲတွေလိုလို ဂြိုလ်သားတွေလိုလို.. သရုပ်ပျက်ပါ့ကွာ..”

အဲ့ဒီအချိန်မှာပဲ လူအုပ်ထဲ ပြေးကြလွှားကြ ကျော်ကြခွကြနဲ့...

“ဟား... ဖိုးဖိုး ဟိုမှာ လူတွေ စုရုံးစုရုံးနဲ့ ရန်ဖြစ်ကုန်ပြီထင်တယ်..”

“အေ... သင်္ကြန်မှာ စိတ်ပျက်တာ အဲ့ဒါလည်း ပါတယ်ကွ.. ဘာမှန်း မသိဘူး.. အဲ့ဒီအရည်တွေသောက် ပြီးရင် လူမှန်းမသိ သူမှန်းမသိ.. မူးပြီးရမ်း.. ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရန်တွေဖြစ် ထိုးကြကြိတ်ကြနဲ့.. မြန်မာ အချင်းချင်းကွာ ပျော်ပျော်ပါးပါး နှစ်သစ်ကူးနေကြတာ.. နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ သွားဖို့ ပြင်ကြရမှာ ခုတော့ ဆော်ပလော်တီးနေကြတယ်.. ကွဲကြပြဲကြနဲ့ ကားတွေတိုက်.. ဆိုက်ကယ်တွေတိုက် အနိဋ္ဌာရုံတွေနဲ့ နှစ်သစ်ကူးတယ် ဖြစ်သင့်သလား.. ဒို့မြန်မာတွေ ချစ်ခြင်းမေတ္တာ အတော်နည်းကုန်ကြပြီထင်တယ်ကွ.. သည်းခံစိတ်တွေ ခွင့်လွှတ်စိတ်တွေ မရှိကြတော့ဘူး.. ထစ်ကနဲဆို လက်က ပါချင်ကြပြီ.. ခက်ပါတယ်ကွာ..”

ပိတောက်ပင်အိုကြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါရမ်းလိုက်တယ်..

“ကျနော်က ရန်ပွဲဆိုလို့ လက်ခုပ်တီးပြီး အားပေးမလို့.. ဖိုးဖိုး ပြောသလိုဆိုရင် ရန်ဖြစ်တာ ဘယ်ကောင်းမလဲနော်.. အချင်းချင်&