ကျုပ်လေ.. တစ်ရက်တစ်ရက် အအိပ်ပျက် အစားပျက်နဲ့ မျက်တွင်းကြီးဟောက်ပက် ပါးရိုးတွေတောင် ချိုင့်ခွက်လို့နေပြီ ဖုန်းသံကြားမလား နားစွင့်ရင်း ပီစီရှေ့မှာ ငေါင်ကြောင်ကြောင်နဲ့ တကယ်တော့ အိပ်မယ်ဆိုရင် ဖြစ်အောင်ကြိတ်မှိတ် အိပ်လိုက်လို့ရသား ကျုပ်ဟာကျုပ် အပေအတူးလုပ်နေတာ.. အလုပ်ထဲမှာလည်း မလန်းဘူး အမှားမှားအယွင်းယွင်းနဲ့......
တကယ်တော့ဗျာ အမှန်အတိုင်း ဝန်ခံရရင် ရည်းစားပူမိနေတာဗျို့.. အဲ့လိုပြောလို့ ငကြောင်.. အရူးလို့ပြောမလား ! ပြောချင်ပြောတော့ ခင်ဗျားတို့မှမသိတာ ကျုပ်က အသည်းနုတယ်ဗျ.. ရည်းစားကလည်း ခုမှစထားဖူးတာ ဒီတော့ ခံစားရတာပေါ့ဗျာ..
အင်း... ပြောမယ်သာပြောရတာ ခပ်ရှက်ရှက် ကျုပ်ချစ်ချစ်က ကျုပ်ကိုအရမ်းနိုင်တာဗျ.. သူ့စိတ်ကြီးဘဲ.. ထစ်ကနဲဆို စိတ်ကောက်ပြီ.. ကျုပ်ကချော့ရတော့တာပေါ့.. ချစ်တော့လည်း သည်းခံရတာပေါ့ဗျာ.. တကယ်ဗျ.. ကျုပ်ချစ်ချစ်က အသံလေးကလည်းချိုချို အပြောလေးကလည်းနွဲ့နွဲ့လေး သိတယ်မလား မြို့သူလေ.. အင်း.. ကျုပ်ကတော့ အူတူတူ အတတ ရွာသားအရိုင်းလေး ဆိုတော့ မကြွေဘဲနေမလားဗျာ.. သူဘာပြောပြော ခိုက်နေတော့တာဘဲ.. ဘယ်လိုဘဲဖြစ်ဖြစ် ကျုပ်ကိုတော့ သူတကယ်ချစ်ရှာပါတယ်..
ကျုပ်အခုဖြစ်နေတာက တခြားမဟုတ်ဘူးဗျ ကျုပ်ကို အဆက်အသွယ်မလုပ်လို့ဗျို့.. ကျုပ်ချစ်ချစ် ကျုပ်ကို အဆက်အသွယ် မလုပ်တာ ဒီနေ့နဲ့ဆို (၅) ရက်တောင်ရှိနေပြီ.. ဖုန်းလည်းမဆက်ဘူး အွန်လိုင်းလည်မလားဘူး.. နေနိုင်တယ်ဗျာ.. တကယ်တကယ်.. ကျုပ်သာနေမထိထိုင်မသာ ဖြစ်နေတာ.. ကျုပ်လည်းဖုန်းဆက်တယ် အကြိမ်ကြိမ်ပေါ့ မကိုင်ဘူးဗျာ.. ဘာဖြစ်နေတယ်မသိ.. ဒီတစ်ခါတော့ ကျုပ်လည်းပြန်စိတ်ကောက်ပြမှ ဖြစ်မယ် ဖုန်းဆက်လာလို့ကတော့ ကြည့်နေ လုံးဝမကိုင်ဘူး..
“တ တီ တီး တီ တူး တူ တူ ...! တ တီ တီး တီ တူး တူ တူ ...!! ”
ဟော.. ဖုန်းလာပြီ.. ကျုပ်လေပျော်လိုက်တာ ကိုင်လိုက်တော့မလို့.. နေ နေ.. မှတ်လောက်အောင် ထားဦးမှ.. ခေါ်ပါစေ.. “ တ တီ တီး တီ တူး တူ တူ !! ” နဲ့ Ring ဝင်လိုက် ပြန်ချလိုက်နဲ့ ကျုပ်လည်း ရင်တွေခုန်လိုက်တာဗျာ..“ကိုကိုရေ” လို့ခေါ်တဲ့ သူ့အသံလေးလည်း ကြားချင်တယ်.. တကယ်ဗျာ မပြောပြတတ်ဘူး.. ကျုပ်လေ အရမ်းလွမ်းနေတာတွေ ဆွေးနေတာတွေ သူ့ကိုပြောပြချင်တယ်... ကျုပ်စိတ်ကခပ်ပျော့ပျော့ နှစ်ခါမထိရဘူး ယိုင်ချင်နေပြီ.. နေပါစေကွာ ခေါ်ချင်သလောက်ခေါ် မကိုင်သေးဘူး စိတ်ကိုတင်းထားမှ...
ဒီလိုနဲ့ မစ်(စ်)ကော ဝင်တာ (၁၃) ခါရှိပြီ.. “ တ တီ တီး တီ တူး တူ တူ !! ” ဖုန်းမြည်သံကလည်း လန့်လန့်သွားတယ် ရင်ခုန်သံတွေပိုပိုမြန်လာတယ်.. (၁၅) ခါမြောက် Ring ဝင်လာရင်တော့ ကိုင်လိုက်တော့မယ်.. ဒီလောက်ဆို သူလည်းမှတ်လောက်ပြီ.. “တ တီ တီး တီ တူး တူ တူ!” ... ဟော်... (၁၄) ခါမြောက်ခေါ်နေပြီ.. ဟင်း...!! မခေါ်တော့ပါလား....!! သူတကယ် မခေါ်တော့ဘူးလား..! တော်တော်ကြာတယ်ဗျာ (၁) နာရီနီးနီးဘဲ..ကျုပ်လေ စိုးရိမ်လိုက်တာ ထပ်မခေါ်တော့ရင် ဒုက္ခ..
“ တ တီ တီးးးးးးးးးးးးးးးးးးးးးးးးးးးး....!!!”
Ring သံ တောင်မဆုံးသေးဘူး ကျုပ်ကောက်ကိုင်လိုက်တယ်.. ရင်တွေခုန်နေတယ် လက်တွေတုန်နေတယ်.. “ကိုကို ” လို့ခေါ်မယ့် ချွဲချွဲနွဲ့နွဲ့ သူ့အသံလေးကြားရတော့မယ်... ရင်တွေပိုခုန်လာတယ်.. (၁) မိနစ်လောက်ရှိတော့မယ် ကျုပ် “ဟယ်လို” မလုပ်သေးဘူး.. ငြိမ်နေမိတယ်.. ကျုပ်စိတ်ကောက်နေလိုက်ဦးမယ်.. ငိုချင်သလိုလို.. ရီ(ရယ်)ချင်သလိုလို ပျော်သလိုလို ကြည်နူးသလိုလို.. တကယ်တော့ ရင်ထဲကအချစ်တွေ ရုတ်တရက် အုံကြွလာတာနေမှာပါ..
ဟင်း.....!! သူလည်းမခေါ်ပါလား..!! သူ့အသက်ရှုသံလေးကြားနေရတယ်.. ကျုပ်ရင်ခုန်သံနဲ့ အသက်ရှုသံများ သူကြားသွားမလားလို့ ယောင်ရမ်းပြီး မဆီမဆိုင် အသက်အောင့်ထား လိုက်မိသေးတယ်.. ကျုပ်မနေနိုင်တော့ဘူးဗျာ... စိတ်တွေကိုတင်းထားတာဘဲ.. မရဘူးဗျာ.. ပါးတွေနားတွေပူလာပြီ.. ဖုန်းကိုင်ထားတဲ့လက်တွေ... ဟားဗျာ.. မပြောတတ်တော့ဘူးဗျာ.. ကယ်... ခုတော့ဘာထူးလို့လဲ ကျုပ်ဘဲ အလျှော့ပေးရတော့တာပေါဗျာ... ချစ်တာကိုးဗျ..!! သက်ပြင်းချရင်း.. ကျုပ်လေ တိုးတိုးလေးထူးလိုက်တယ်...
“ ဟယ်လို ”......
တစ်ဖက်က လေသံခပ်မာမာ သြရှရှနဲ့...
“ ဟယ်လို...!! ဟေ့ယောင်.. မင်းဘယ်သူလဲ..! ဒီဖုန်းထဲမှာ မင်းနံပါတ်နဲ့
မစ်(စ်)ကောတွေ တွေ့တယ်..!!! အူကြောင်ကြောင်မလုပ်နဲ့..
ဒါငါ့ရည်းစား ရဲ့ဖုန်း ကွ ” တဲ့
“ ဗဗဗဗဗျာ..!!!!! ”
“ ကလုံ ” ဆိုပြီး ဖုန်းပိတ်သွားလေရော..
ကျုပ်လေ.... ကျုပ်....။
မှတ်ချက်။ ။ Sorry sorry.. Read more က ဘာမှားနေတယ်မသိဘူး ပေါ်လိုက်မပေါ်လိုက်နဲ့ error ဖြစ်ဖြစ်နေတယ်.. မထူးပါဘူး.. မဖွက်ထားတော့ဘူး တစ်ခါထဲသာ ဖတ်လိုက်ပေတော့..
(ကိုရင်နော်)
2 ယောက်က ဒီလိုပြောသွားကြလေရဲ့:
“ ဟယ်လို...!! ဟေ့ယောင်..မင်းဘယ်သူလဲ..!
ီဒီဖုန်းထဲမှာ မင်းနံပါတ်နဲ့ မစ်(စ်)ကောတွေ
တွေ့တယ်..!!! အူကြောင်ကြောင် မလုပ်နဲ့...
ဒါငါ့ရည်းစားရဲ့ဖုန်းကွ..”တဲ့..
“ဗ.ဗ.ဗဗဗျာ..!!!” “ကလုံ ” ဆိုပြီးဖုန်းပိတ်သွားလေရဲ့
ကျုပ်လေ..ကျုပ်...။
သြော်....ကိုရင်ရယ်...ငါ့နှယ်နော်..
နင်ရည်းစားပူမိတာကလည်း ပတ်တီးလေး ဘာလေး
ဆောင်ထားဦး ။ ဟီး......................
(ခင်လေး)
ဘာပြောရမှန်းကို မသိလို့ ဖတ်ပြီး ပြုံးသွားတယ် ဦးနော်ရာ။
း)))
လေးစားလျှက်
ီရောင်
Post a Comment